
၉.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ ပါဝင်ကြတဲ့ ကြံရာပါတရားခံ ၇၀ ကို ထောင်ဒဏ် အသီးသီး အပြစ်ပေးခဲ့တယ်လို့ ထိုင်းနိုင်ငံရဲ့အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန(DSI) က ဇူလိုင်လ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။
တရားရုံးက ဂိုဏ်းခေါင်းဆောင်တွေကိုတော့ ထောင်ဒဏ် ၂၄ နှစ်အထိ အပြစ် ပေးခဲ့ပြီး တခြားအဖွဲဝင်တွေကို ဒီထက်နည်းတဲ့ပြစ်ဒဏ်တွေပေးခဲ့တယ်လို့ သိရပါတယ်။
DSI က ကြေညာခဲ့ရာမှာ Thung Song ခရိုင်တရားရုံးက မေလ ၂၂ ရက်မှာ ကျားဖြန့်ဂိုဏ်းရဲ့ ကြံရာပါ ၇၀ ဦးကို အပြစ်ပေးခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ ကြီးမားပြီးနယ်စပ်ဖြတ်ကျော်လှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်းက ထိုင်းနိုင်ငံအတွင်း နာခွန် ဆီ သမ်မာရတ် ပြည်နယ်တောင်ပိုင်းက လေးထပ်အဆောက်အအုံတစ်ခုမှာ အခြေစိုက်ဆောင်ရွက်နေခဲ့တာပါ။
ကျားဖြန့်ဂိုဏ်းမှာပါဝင်တဲ့ ဖမ်းဆီးမိခဲ့တဲ့ တရုတ်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေကို စစ်ဆေးခဲ့ရာမှာ ဒီ ကျားဖြန့်ဂိုဏ်းက ထိုင်းနိုင်ငံအတွင်း အကြီးမားဆုံးသော ကျားဖြန့် အွန်လိုင်းလိမ်လည်မှုဂိုဏ်း ဖြစ်တယ်ဆိုတာ တွေ့ရှိရတယ်လို့ DSI က ပြောခဲ့ပါတယ်။
စုံထောက်တွေက ဒီဂိုဏ်းရဲ့ ဥပဒေနဲ့မညီ နယ်စပ်ဖြတ်ကျော်လှုပ်ရှားနေမှု အထောက်အထားတွေကို တွေ့ရှိခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလက စလို့ ခြေရာခံစစ်ဆင်မှုလုပ်ခဲ့တာပါ။ နာခွန် ဆီ သမ်မာရတ် ပြည်နယ်အတွင်းက လေးထပ်အဆောက်အအုံက ဂိုဏ်းရဲ့အဓိကလှုပ်ရှားရာ နေရာတွေထဲက တစ်ခုအဖြစ် ရဲတပ်ဖွဲ့က ပစ်မှတ်ထားဆောင်ရွက်ခဲ့တာပါ။ ဒီအဆောက်အအုံမှာသီးခြား အခန်း ၂၂ ခန်းပါဝင်ပါတယ်။
၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်မှာ တော့ DSI၊ ရဲတပ်ဖွဲ့ရဲ့အင်တာနက်နဲ့ ရာဇဝတ်မှုကျူးလွန်မှု နှိမ်နင်းရေးဌာနခွဲ၊ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ အလုပ်သမားဌာနတို့ ပူးပေါင်းပြီး အဆိုပါလေးထပ်အဆောက်အအုံနဲ့ ချာဝန်ခရိုင်အတွင်း တခြားနေရာတွေကို ဝင်ရောက်စီးနင်းခဲ့ရာမှာ တရုတ်နိုင်ငံသား ၅၂ ဦးနဲ့ ထိုင်းနိုင်ငံသား ၁၉ ဦးအပါအဝင် လူ ၇၁ ဦးကို ဖမ်းမိခဲ့တာပါ။
ဒါ့ပြင် ရဲတပ်ဖွဲ့က ကွန်ပျူတာ ၂၂၃ လုံး၊ မိုဘိုင်းဖုန်း ၁,၀၀၁ လုံး၊ အိုင်ပက်၁၄ လုံး နဲ့ ဆင်းကတ် ၂၉၈ ခု တို့ကိုပါ ဝင်ရောက်ရှာဖွေတဲ့နေရာတွေကနေ သိမ်းဆည်းရမိခဲ့တာပါ။
Ref- Bangkok Post
