
၉.၇.၂၀၂၅
Translated by Htwe Ko Tun
ဥရောပတိုက်၏ မြို့ကြီး ၁၂ မြို့တွင် လွန်ခဲ့သောရက်သတ္တပတ်က အဆုံးသတ်ခဲ့သော ပြင်းထန်သည့် အပူလှိုင်းဖြတ်သန်းမှုအတွင်း အလွန်အကျွံပူပြင်းမှုနှင့် ဆက်စပ်နေသည့် အကြောင်းရင်းများ ကြောင့် သေဆုံးရသူမှာ လူပေါင်း ၂,၃၀၀ ခန့် ရှိမည်ဟု သိပ္ပံပညာရှင်များက ဇူလိုင်လ ၉ ရက်တွင်ထုတ်ပြန်သော ဆန်းစစ်လေ့လာချက်တစ်ရပ်၌ ဖော်ပြခဲ့ကြသည်။
ဆယ်ရက်ခန့်ကြာပြီး ဇူလိုင်လ ၂ ရက်တွင် အဆုံးသတ်ခဲ့သော အပူလှိုင်းဖြတ်သန်းစဉ် အနောက်ဥရောပဒေသမှာ အပူဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသည်။ အပူလှိုင်းဖြတ်သန်းစဉ် အပူချိန်က စပိန်နိုင်ငံတွင် ၄၀ ဒီဂရီ ဆယ်လ်စီးယပ်စ်(၁၀၄ ဒီဂရီ ဖာရင်ဟိုက်)ကိုကျော်လွန်သွားခဲ့ပြီး ပြင်သစ်နိုင်ငံအတွင်း တောမီးများလောင်ကျွမ်းခဲ့သည်။

ထိုကာလအတွင်း သေဆုံးရသူမှာ ၂,၃၀၀ ဦးခန့်ရှိခဲ့သည့်အနက် ၁,၅၀၀ ဦးမှာ အပူလှိုင်းကိုပို၍ပြင်း ထန်စေခဲ့သော ရာသီဥတုပြောင်းလဲမှုများကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုက လူသားတို့အတွက် ပို၍ အန္တရာယ်ဖြစ်စေခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောခဲ့ကြသည်။
အပူလှိုင်းဒဏ်ခံခဲ့ရသော အနောက်ဥရောပမြို့ကြီး ၁၂ မြို့တွင် ဘာစီလိုနာ၊ မက်ဒရစ်၊ လန်ဒန်နှင့် မီလန်မြို့များပါဝင်ကြပြီး ရာသီဥတုပြောင်းလဲမှုများက အပူလှိုင်းကြောင့်ဖြစ်လာမည့်အပူချိန်များကို ၄ ဒီဂရီ ဆယ်လ်စီးယပ်စ်တိုးမြင့်စေခဲ့သည်ဟု ပညာရှင်များက ပြောခဲ့ကြသည်။
အနောက်ဥရောပတွင် ပြီးခဲ့သည့် ဇွန်လအတွင်းကစတင်ခဲ့သော အပူလှိုင်းဖြတ်သန်းမှုက ဇွန်လအတွင်း ၂၀၂၄ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့ပြီးလျှင် တတိယမြောက်အပူပြင်းဆုံး ဇွန်လလည်းဖြစ်စေခဲ့ပြီး အနောက် ဥရောပ၌ ပျမ်းမျှ အပူချိန် ၃၈ ဒီဂရီ ဆယ်လ်စီးယပ်စ်နှင့်အထက်ရှိခဲ့သည်။
ဥရောပတွင် ၂၀၂၂ ခုနှစ်က ဖြတ်သန်းခဲ့သော အပူလှိုင်းကြောင့်လည်း သေဆုံးသူ ၆၁,၀၀၀ ခန့်ရှိခဲ့ကြောင်း လေ့လာချက်မှတ်တမ်းများအရ သိရသည်။
Ref- Reuters
