◾️ဘဏ်များတွင် MSMEs ဌာနကို သီးခြားဖွဲ့စည်းစေ၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို လွယ်ကူစွာ ဆောင်ရွက်ပေးနိုင်ရန်ပါ စီစဥ်နေ

၉. ၇. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၆ ခုရှိ စီးပွားရေးလုပ်ငန်းရှင်များအတွက် MSMEs ချေးငွေများကို သက်သာသောအတိုးနှုန်းဖြင့် ပံ့ပိုးပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ကို ပံ့ပိုးမြှင့်တင်နိုင်ရန်အတွက် MSMEs ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်း၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအလိုက် ပံ့ပိုးဆောင်ရွက်လျက်ရှိရာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် MSMEs လုပ်ငန်းများအတွက် ဘဏ်များမှ ချေးငွေထုတ်ချေးပေးနိုင်ရေး၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် အဆင်ပြေချောမွေ့စေရန် e-payment အားကောင်းလာစေရေးတို့အတွက် ကူညီပံ့ပိုးပေးလျက်ရှိသည်။
MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ရာတွင် ဘဏ်လုပ်ငန်းကဏ္ဍသည် Financing ပေးရာ၌ အဓိကပံ့ပိုးပေးသည့် ကဏ္ဍတစ်ခုဖြစ်သည်။ ပါဝင်ဆောင်ရွက်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ (Participating Financial Institutions – PFIs) ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်တို့က သက်ဆိုင်ရာဘဏ်၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ နှစ်ဆင့်ထပ်ချေးငွေအစီအစဉ်ဖြင့် လည်းကောင်း၊ အခြားချေးငွေအစီအစဉ်နှင့် ကိုဗစ်ချေးငွေအစီအစဉ်များဖြင့်လည်းကောင်း စိုက်ပျိုးရေးမွေးမြူရေး၊ စက်မှုလက်မှု/ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှု၊ အထွေထွေ၊ ငှား/ဝယ်/ရောင်းစသည့် စီးပွားရေးတိုးတက်မှု အထောက်အကူပြုကဏ္ဍများသို့ MSMEs ချေးငွေများအား သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။

MSMEs စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေဝန်ဆောင်မှုများ ပိုမိုတိုးမြှင့်ရရှိနိုင်ရန်နှင့် ဘဏ်များတွင် MSMEs ဌာနကို သီးခြားဖွဲ့စည်းစေ၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် တိုးတက်ပြောင်းလဲလာသည့် နည်းပညာများနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ ငွေပေးချေမှုနည်းလမ်းများ တိုးမြှင့်အသုံးပြုနိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း၊ မိုဘိုင်းပေး၊ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ခွင့်ပြုပေးခဲ့သည်။
MSMEs လုပ်ငန်းများအနေဖြင့် ကုန်ထုတ်လုပ်မှုဆောင်ရွက်ရာတွင် ပြည်တွင်းငွေပေးချေမှုများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် လွယ်ကူစွာ အသုံးပြုဆောင်ရွက်နိုင်ပြီး MSMEs စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်နည်းလမ်းဖြင့် ငွေပေးချေခြင်းဆောင်ရွက်ရာတွင် လက်လီပေးချေမှုများအတွက် CBM-NET ၏ ACH (Bulk/Faster Payment) ကိုလည်းကောင်း၊ မြန်မာငွေပေးချေမှုအဖွဲ့ (MPU) မှ ထုတ်ဝေထားသည့် Domestic Card၊ International Card များဖြင့်လည်းကောင်း ပေးချေဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မတူညီသောငွေပေးချေမှုဝန်ဆောင်မှုပေးသူများအကြား ချိတ်ဆက်ပေးချေနိုင်သည့် Myanmar Pay (MMQR) စနစ် အသုံးပြုနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အများပြည်သူသို့ စတင်မိတ်ဆက်ခဲ့ပြီး MMQR တွင် Marchant Categories Code (MCC) ကိုပါ ထည့်သွင်းထားသည့်အတွက် MSMEs စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း MMQR အသုံးပြု၍ လုံခြုံစိတ်ချစွာ ပေးချေဆောင်ရွက်နိုင်ပြီဖြစ်သည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသ စသည့် နယ်မြေဒေသများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသဖြင့် အဆိုပါဒေသများမှ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် MSMEs လုပ်ငန်းများ၏ လုပ်ငန်းသုံးစက်ရုံ၊ အလုပ်ရုံများ ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေး ရန်ပုံငွေတစ်ရပ်ထူထောင်၍ MSMEs ချေးငွေများကို သက်သာသောအတိုးနှုန်းဖြင့် တစ်ဖက်တစ်လမ်းမှပံ့ပိုးပေးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ငလျင်ဒဏ်သင့်ဒေသများရှိ အရင်းနှီးလိုအပ်သူများအတွက် အတိုးနှုန်းအနည်းဆုံးဖြင့် ကျပ်ဘီလျံ ၇၀၀ အထိ ထုတ်ချေးပေးရန် လျာထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် မေလ ၃၀ ရက်က ပြုလုပ်သည့် “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားတွင် ပြောကြား ထားသည်။
