၈. ၇. ၂၀၂၅
Written by Nay Moe
ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစုကို PDF ၄၀ ဦးခန့်က ဖမ်းဆီးသွားကာ ကျေးရွာသင်္ချိုင်းအရောက်တွင် အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်လိုက်မှု ကျွန်းစုမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် နံနက် ၆ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်မြင့်(၆၀) နှစ်သည် ဇနီးဖြစ်သူ ဒေါ်ခင်မူ(၅၉)နှစ်၊ သား/သမီးဖြစ်ကြသည့် ကိုကျော်ကျော်ရဲရင့် (၂၈) နှစ်၊ ကိုသန့်ဇင်ရဲရင့် (၂၇) နှစ်၊ မဟန်နီစိုး (၂၃) နှစ်တို့နှင့်အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၄၀ ဦးခန့်(စိစစ်ဆဲ) ရောက်ရှိလာပြီး ၎င်းတို့ငါးဦးအား ချောင်းကြီးဝကျေးရွာဘက်သို့ စက်လှေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ချောင်းကြီးဝကျေးရွာသင်္ချိုင်းအရောက်၌ ဦးအောင်မြင့်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဒေါ်ခင်မူပါ မိသားစုဝင် လေးဦးတို့အား ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် ဦးအောင်မြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ လက်ရှိကာလအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သတင်းပေး၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
