၈.၇.၂၀၂၅
Translated by Htwe Ko Tun
ကင်ညာနိုင်ငံမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြအဓိကရုဏ်းတွေ ဖြစ်ပွားခဲ့စဉ်အတွင်းမှာ အနည်းဆုံးလူ ၁၁ ယောက် သေဆုံးခဲ့ပြီး ၅၆၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကင်ညာရဲတပ်ဖွဲ့က ဇူလိုင်လ ၇ ရက်က ပြောခဲ့ပါတယ်။
ကင်ညာနိုင်ငံအတွင်း ဆန္ဒပြသမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှုတွေလည်းဖြစ်ခဲ့ရပြီး ရဲတပ်ဖွဲ့က ဆန္ဒပြ လူအုပ်ကြီးကို မြို့တော်နိုင်ရိုဘီမြို့လယ်ကို ဝင်လို့မရအောင် မျက်ရည်ယိုဗုံးတွေပစ်ခတ်တားဆီးတာ၊ လုံခြုံရေး တပ်ဖွဲ့တွေက လမ်းတွေကို ပိတ်ဆို့ထားတာတွေ လုပ်ခဲ့ကြပါတယ်။
ဇူလိုင်လ ၇ ရက်က ဆန္ဒပြမှုတွေမှာတော့ ဆန္ဒပြသမားတွေက သမ္မတ ဝီလီယမ်ရူတိုကို အဂတိလိုက်စားမှုရှိတယ်ဆိုပြီး ရာထူးမှနုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့ပြင် ဆန္ဒပြသမားတွေက လူနေမှု စရိတ်မြင့်မားတာ၊ ရဲအဖွဲ့က ရက်စက်စွာဆောင်ရွက်တာ၊ အုပ်ချုပ်မှုယန္တရားညံ့ဖျင်းတာတွေအတွက် အစိုးရကို အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
နိုင်ရိုဘီမြို့မှာ ပါလီမန်အဆောက်အအုံနဲ့ သမ္မတအိမ်တော်ကို သွားတဲ့လမ်းတွေကို ပိတ်ဆို့ထားခဲ့ကြပါတယ်။ သူတို့က ၂၀၂၄ ခုနှစ်မှာ အဆိုပြုခဲ့တဲ့ အခွန်တိုးမြှင့်မှုကိုလည်း ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ကတော့ နိုင်ရိုဘီမြို့လယ်ကို မရှိမဖြစ်တာဝန်ထမ်းဆောင်ဖို့ သွားရောက်ရမယ့်လူတွေကလွဲလို့ လမ်းလျှောက်သွားလာသူတွေ၊ မော်တော်ယာဉ်တွေ၊ စက်ဘီးတွေ အားလုံးကို ဝင်ခွင့်မပြုဘဲ တားမြစ်ထားခဲ့ပါတယ်။
ပြည်သူ့ရေးရာဝန်ကြီး ဂျော့ဖရီရူကူကတော့ အစိုးရဝန်ထမ်းတွေအားလုံးကို ဇူလိုင်လ ၇ ရက်မှာ အလုပ်ဆင်းကြဖို့နဲ့ ဆန္ဒပြမှုတွေက အစိုးရလုပ်ငန်းတွေလည်ပတ်မှုကို ပျက်ပြားစေမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် နိုင်ရိုဘီမြို့အတွင်း စီးပွားရေးလုပ်ငန်းတွေကတော့ ပိတ်ထားကြပြီး လူတွေကလည်း မြို့လယ်စီးပွားရေးဒေသမှာ အလုပ်ဆင်းကြဖို့ ရှောင်ရှားနေကြတာ တွေ့ရပါတယ်။
ဆန္ဒပြသမားတွေက လမ်းတွေပေါ်မှာ မီးပုံရှို့နေတာတွေ တွေ့ရပြီး ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကျောက်တုံးတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာမှာ ဆန္ဒပြသမားတွေထဲမှာ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ကြပါတယ်။
ကင်ညာမှာ ဆန္ဒပြမှုတွေဖြစ်ပွားလာခဲ့ပြီးနောက် ဇွန်လ ၁၇ ရက်ကလည်း ရဲအရာရှိတစ်ဦးက အရပ်သားတစ်ဦးကို သေနတ်နဲ့ပစ်ခဲ့ရာမှာ လူထုကြား မကျေမနပ်တွေဖြစ်ခဲ့ကြပါတယ်။ ဇွန်လ ၂၅ ရက်မှာလည်း ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့လို့ အနည်းဆုံး လူ ၁၉ ဦးသေဆုံးပြီး ၄၀၀ ဦးကျော် ဒဏ်ရာရခဲ့ပါသေးတယ်။ ၂၀၂၄ ခုနှစ်အတွင်းကလည်း ဆန္ဒပြမှုတွေမှာ အနည်းဆုံး လူအယောက် ၆၀ လောက် သေဆုံးခဲ့ရပါတယ်။
REF- DW




