၈. ၇. ၂၀၂၅
Written by Nay Moe
သရက်ခရိုင်လမ်းဦးစီးဌာနမှ လမ်းဦးစီးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါလာသောယာဉ်ကို PDF များ ပစ်ခတ်တိုက်ခိုက်၍ ယာဉ်မောင်းသေဆုံးသွားခဲ့ရရှာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအနီး၌ PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က မော်တော်ယာဉ်တစ်စီးအား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သရက်ခရိုင်လမ်းဦးစီးဌာနမှ လမ်းဦးစီးမှူးဖြစ်သူ ဦးဉာဏ်ဖြိုးလင်း (၄၅) နှစ်နှင့် စာရင်းကိုင်-၃ ဖြစ်သူ ဒေါဖြိုးစန္ဒာမျိုး (၄၄) နှစ်တို့သည် သရက်မြို့နေ ဦးဟိန်းမင်းဖြိုး (၃၆) နှစ် မောင်းနှင်သည့် YGN-44/5S-XXXX VIGO DOUBLE CUB မော်တော်ယာဉ်ဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရန် သရက်မြို့မှ မကွေးမြို့သို့ သရက်-မင်းလှ-မကွေးကားလမ်းအတိုင်း ထွက်ခွာလာစဉ် လက်ခုပ်ပင်ကျေးရွာနှင့် မြောက်မြှားကုန်းကျေးရွာအကြား လက်ခုပ်ပင်ကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
PDF များ၏ အဆိုပါတိုက်ခိုက်မှုအတွင်း ယာဉ်မောင်း ဦးဟိန်းမင်းဖြိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ လင်းကယ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေစဉ် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
