၈. ၇. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသည့် TNLA နယ်မြေလု ခြေကုပ်ယူထားသော မိုးကုတ်နှင့် ကျောက်မဲမြို့ကို ယနေ့လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၄ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရသည်ဟု TNLA က ထုတ်ပြန်လာသည်။
ယနေ့ နံနက် ၉ နာရီ ၅ မိနစ်အချိန်တွင် မိုးကုတ်မြို့အနောက်ပိုင်း၊ ဂေါင်းဦးဘာရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် သုံးဦးသေဆုံးခဲ့ပြီး ၈ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၁၀ အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။
အလားတူ ယနေ့ နံနက် ၉ နာရီ ၃ မိနစ်အချိန်တွင်လည်း ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်းဘက်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး လေးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သလို နေအိမ် (၇)လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
တပ်မတော်အနေဖြင့် TNLA ကို အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင်သတ်မှတ်ပြီးနောက် နယ်မြေလု သတ်ဖြတ်မှုကျူးလွန်သော လက်နက်ကိုင်များနှင့် နီးကပ်စွာမနေထိုင်ရန် တိုင်းသိပြည်သိ ကမ္ဘာသိကြေညာပြီးမှ လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ထိုသို့ကြေညာထားသည့်အတွက်လည်း သာမန်ပြည်သူအများစုမှာ တိုက်ပွဲမဖြစ်ပွားရာဒေသများတွင် စစ်ရှောင်နေထိုင်နေကြသည်။






