၈.၇.၂၀၂၅
Translated by Htwe Ko Tun
တူရကီစစ်တပ်မှတပ်ဖွဲ့ဝင် ၁၂ ဦးဟာ အီရတ်နိုင်ငံမြောက်ပိုင်း ဂူတစ်ခုအတွင်း ရှာဖွေမှုလုပ်ငန်းတွေပြုလုပ်နေတုံး မီသိန်းဓာတ်ငွေ့တွေရှုရှိုက်မိခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
တူရကီကာကွယ်ရေးဝန်ကြီးဌာနက တူရကီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၉ ဦးဟာ ဇူလိုင်လ ၆ ရက်မှာ ရှာဖွေရေးနဲ့ ရှင်းလင်းရေးစစ်ဆင်ရေးတစ်ရပ်လုပ်နေတုံး မီသိန်းဓာတ်ငွေ့နဲ့ ထိတွေ့မှုဖြစ်ခဲ့တာဖြစ်ပြီး ဆေးရုံကို ချက်ချင်းတင်ပို့ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၇ ရက်မှာတော့ တပ်ဖွဲ့ဝင် ၁၂ ဦးထိသေဆုံးခဲ့ရတာလို့ သိရပါတယ်။
သမ္မတ ရီဆက်တေရစ်အာဒိုဂန်က သူ့အနေနဲ့ ဒီသတင်းကိုကြားရလို့ အထူးပဲ စိတ်မကောင်းဝမ်းနည်းရပြီးတော့ သေဆုံးတဲ့တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေအတွက် ထပ်တူကိုယ်ချင်းစာရပါတယ်လို့ ပြောခဲ့ပါတယ်။
မီသိန်းဓာတ်ငွေ့ က လူသားတွေမှာ တိုက်ရိုက်အဆိပ်မဖြစ်ပေမယ့် အထူးသဖြင့် လှောင်ပိတ်ကျဉ်းမြောင်းတဲ့နေရာမျိုးတွေမှာ အသက်ရှုကျပ်ပြီးသေစေနိုင်ပါတယ်။
တပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ်၊ မေလအတွင်းက Operation Claw Lock စစ်ဆင်ရေးပြုလုပ်စဉ် အီရတ်မြောက်ပိုင်းက ကာ့ဒ်စစ်သွေးကြွတွေနဲ့တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့တူရကီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်ရှာဖွေဖို့ စစ်ဆင်ရေးပြုလုပ်နေကြတာပါ။
အီရတ်မြောက်ပိုင်းမှာရှိတဲ့ ကာ့ဒ်လူမျိုးစုတွေရဲ့ PKK ပါတီက ဦးဆောင်တဲ့ ကာ့ဒ်စစ်သွေးကြွတွေကို တူရကီ၊ ဥရောပသမဂ္ဂ၊ ယူနိုက်တစ်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စုတို့က အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် အသိအမှတ်ပြုထားပါတယ်။
Ref- bbc



