
၇. ၇. ၂၀၂၅
Translated by Thettant
ဩစတြေးလျနိုင်ငံသားတစ်ဦးသည် ယနေ့ တနင်္လာနေ့ နံနက်အစောပိုင်းက စူရက်ဌာနီပြည်နယ်၊ ကော့စမွီခရိုင်၊ ဘိုဖူ့မြို့နယ်ရှိ ထိုင်းမာဆတ်(Thai Massage) ဆိုင်တစ်ဆိုင်၌ ဆီလူးအနှိပ် (Oil Massage) နှိပ်နယ်ပြီးနောက် အိပ်ပျော်နေစဉ် ဟောက်သံကြားရကြောင်း ဝန်ထမ်းများက ထွက်ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းကို နှိုးရန်ကြိုးစားသောအခါ သေဆုံးနေပြီဖြစ်ကြောင်း တွေ့ရှိရခဲ့သည်။
စူရတ်ဌာနီပြည်နယ်၊ ကော့စမွီရှိ ဘိုဖူ့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၇ ရက် နံနက် ၇ နာရီတွင် အဆိုပါသတင်းကို ရရှိပြီးနောက် ဘိုဖူ့ဒ်မြို့နယ်ခွဲရှိ ထိုင်းအနှိပ်ဆိုင်တစ်ဆိုင်၌ နိုင်ငံခြားသားတစ်ဦး သေဆုံးမှုအား စစ်ဆေးခဲ့သည်။ ရဲတပ်ဖွဲ့သည် ကော့စမွီဆေးရုံမှ ဆရာဝန်များနှင့် ပူးပေါင်း၍ ဘရစ်ဘိန်းမြို့နေ အသက် ၄၃ နှစ်အရွယ် ဩစတြေးလျနိုင်ငံသား ခရစ္စတိုဖာဟု သိရသည့် သေဆုံးသူအား ခွဲစိတ်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
အလောင်းကို ပထမဆုံးတွေ့ရှိခဲ့သူ အသက် ၄၇ နှစ်အရွယ် မစ္စပရမ်ရူပါက လာရောက်စစ်ဆေးသည့် တာဝန်ရှိသူများကို ဝင်ပေါက်မှ စတုတ္ထအခန်းသို့ ခေါ်ဆောင်ခဲ့သည်။ ထိုအခန်းသည် အလျား ၂ မီတာ၊ အနံ ၃ မီတာရှိသော အခန်းလေးခန်းပါဝင်သည့် တိုးချဲ့အဆောက်အအုံ၏ ဒုတိယထပ်တွင် တည်ရှိသည်။ အခန်းတစ်ခန်းစီတွင် ရိုးရာထိုင်းအနှိပ် နှိပ်နယ်ရန်အတွက် အိပ်ရာများ တပ်ဆင်ထားသည်။
ဩစတြေးလျအမျိုးသားအား ဝင်ပေါက်မှ စတုတ္ထအခန်းတွင် ထိုင်းအနှိပ်အိပ်ရာပေါ်၌ စောင်းလျက်၊ ခြေထောက်နှစ်ဖက်စလုံး ကြမ်းပြင်ပေါ်ဆင်းလျက်၊ မျက်မှန်ကိုလည်း ဝတ်ဆင်ထားဆဲ အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ပရမ်ရူပါက ဇူလိုင်လ ၇ ရက်ကူးစ နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ဩစတြေးလျအမျိုးသားသည် ဖိနပ်မပါဘဲ ဆိုင်သို့ တစ်ယောက်တည်း လမ်းလျှောက်လာကြောင်း ပြောခဲ့သည်။ ၎င်းက ရိုးရာထိုင်းနှိပ်နယ်မှု ဝန်ဆောင်မှုကို တောင်းခံခဲ့ပြီး တစ်နာရီလျှင် ဘတ် ၄၀၀ ဖြင့် သက်သာသော ဆီလူးနှိပ်နယ်မှုကို ရွေးချယ်ခဲ့သည်။ သူမက သတ်မှတ်ချိန်အတိုင်း နှိပ်နယ်ပေးခဲ့ပြီး ငွေအပြည့်အစုံ ရရှိခဲ့သည်။
ငွေပေးချေပြီးနောက် သူမသည် အခြားဖောက်သည်များကို ဝန်ဆောင်မှုပေးရန် ထွက်သွားခဲ့သည်။ ဩစတြေးလျဖောက်သည်က နှိပ်နယ်သည့် အိပ်ရာပေါ်တွင် နားလိုကြောင်း ပြောသဖြင့် သူမက ၁၀ မိနစ်ခန့် ထွက်သွားခဲ့ပြီးမှ ပြန်လာခဲ့သည်။ ဖောက်သည် အိပ်ပျော်နေသည်ကို တွေ့ရှိရသဖြင့် သူမက နှိုးရန် ဆုံးဖြတ်ခဲ့ခြင်းမရှိဘဲ အခြားဖောက်သည်များကို နှိပ်နယ်ရန် ထွက်သွားခဲ့သည်။ နံနက် ၄ နာရီခန့်တွင်လည်း ၎င်း၏ ဟောက်သံကို ကြားနေရဆဲဖြစ်သည်။ နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် သူမက ၎င်းကို နှိုးရန်လာသောအခါ ဩစတြေးလျဖောက်သည် သတိမေ့နေသည်ကို တွေ့ရှိခဲ့သည်။
သူမက အခြားဝန်ထမ်းများကို အကူအညီတောင်းခံခဲ့ပြီး ဆေးရုံအရေးပေါ်ယာဉ်ကို ခေါ်ခဲ့သော်လည်း ရောက်လာသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ၎င်းသည် သေဆုံးနေပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။ ထို့နောက် သူမက ဖြစ်စဉ်ကို ရဲထံ အကြောင်းကြားခဲ့သည်။
သေဆုံးရသည့် အကြောင်းရင်းကို ဆုံးဖြတ်ရန် ခွဲစိတ်စစ်ဆေးမှု ရလဒ်များကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကနဦးသတင်းအချက်အလက်များအရ ၎င်းသည် ဇနီးသည်နှင့်အတူ ထိုင်းနိုင်ငံသို့ ခရီးထွက်လာခြင်းဖြစ်ပြီး ၎င်းတို့တည်းခိုရာ အနီးအနားမှ နှိပ်နယ်ရေးဆိုင်သို့ တစ်ယောက်တည်း လမ်းလျှောက်လာခြင်းဖြစ်ကြောင်း သိရသည်။
Ref, Khaosod
