
၇. ၇. ၂၀၂၅
Written by Phyo Wei
PDF တွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေအနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကို မျှော်မှန်းပြီး ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်လို့ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နဲ့ လက်တွဲပြီး နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မယ်ဆို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ကြိုဆိုလက်ခံမယ်လို့ ထပ်မံဖိတ်ခေါ်လိုက်တဲ့ ဒီရက်သတ္တပတ်မှာပဲ “၀”ဒေသမှာ တရုတ်ကုမ္ပဏီ ရွှေတူးဖော်နေတာကြောင့် ညစ်ညမ်းနေရတဲ့ ဆိုင်မြစ်နဲ့ ကော့မြစ်အရေးဖြေရှင်းဖို့ မြန်မာ – တရုတ် – ထိုင်း သုံးနိုင်ငံ ပူးပေါင်းဖြေရှင်းဖို့ ဆွေးနွေးမှုတွေကို တွေ့မြင်ခဲ့ရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေကို ထောက်ပံ့နေတဲ့ USAID ကို အမေရိကန်အစိုးရက အပြီး ပိတ်သိမ်းလိုက်တာကြောင့် လာမယ့် ၂၀၃၀ ပြည့်နှစ်အတွင်း အနည်းဆုံး လူ ၁၄ သန်းလောက် သေဆုံးနိုင်တယ်ဆိုတဲ့ စစ်တမ်းထွက်လာပေမဲ့ မြန်မာလိုနိုင်ငံမျိုးမှာ တစ်နှစ် သန်း ၃၀၀ လောက် USAID ကနေ စီးဝင်မှုဟာ လူသန်းချီရွှေ့ပြောင်းသေဆုံးစေခဲ့တဲ့ ပြည်တွင်းက စစ်ပွဲတွေမှာ အကျိုးသက်ရောက်မှုဖြစ်နေတာမို့လို့ USAID ထောက်ပံ့မှုရပ်ချိန်ကစ ပြည်တွင်းလက်နက်ကိုင် စစ်ဆင်ရေးတွေ အရှိန်အဟုန်နဲ့ လျော့ကျသွားတဲ့ ကောင်းကျိုးတွေလည်း တွေ့မြင်ခဲ့ရပါသေးတယ်။
အခြားတစ်ဖက်မှာလည်း အပြစ်မဲ့ပြည်သူ ၉၀၀၀ ကျော် သတ်ထားတဲ့ PDF, TNLA နဲ့ KNPP အပါအဝင် လက်နက်ကိုင်တွေကို အမွှမ်းတင်ထားတဲ့ ကုလသမဂ္ဂရဲ့ (၅၉) ကြိမ်မြောက်အစည်းအဝေးကာလ ဆွေးနွေးချက်အစီရင်ခံစာကို မြန်မာနိုင်ငံက ပယ်ချလိုက်တာ၊မြန်မာအစိုးရက အကြမ်းဖက်လက်နက်ကိုင်အဖြစ် သတ်မှတ်ထားတဲ့ သူပုန်လက်နက်ကိုင်တွေနဲ့ တွေ့ဆုံခဲ့လို့ ထောင်ခုနစ်နှစ် ချမှတ်ခံထားရတဲ့ အင်ဒိုနီးရှားဆယ်လီ လွတ်မြောက်ရေး ဆောင်ရွက်ပေးဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆိုနေတာ၊ အင်မတန်ရုပ်ဆိုးလှတဲ့ဖြစ်စဉ်အဖြစ် လှိုင်သာယာမှာ ဖမ်းဆီးထားတဲ့ PDF အကြမ်းဖက်အမျိုးသမီးကို ဆေးခန်းသွားပြချိန် စျေးဝယ်စင်တာ ဝင်ရာက PDF တွေရောက်လာပြီး ရဲတပ်ဖွဲ့ဝင်တွေကို ပစ်သတ်၊ အချုပ်တရားခံကို ကယ်ထုတ်သွားတဲ့ဖြစ်စဉ်တွေ၊ မိုးဗြဲတိုက်ပွဲမှာ ပြည်ပအဖွဲ့အစည်း Free Burma Ranger အဖွဲ့က ဆေးမှူးတစ်ဦးသေဆုံးတဲ့ဖြစ်စဉ်တွေ၊ မင်းတုန်းမြိုနယ်၊ ထညောင့်တင်ရွာက အမျိုးသမီးငယ်နှစ်ဦးက PDF တွေကို ပြန်မကြိုက်လို့ ဒလန်လို့စွပ်စွဲပြီး မင်းတုန်းပကဖ USBA က နေအိမ်အတွင်းအထိ ဝင်ရောက်သတ်ဖြတ်လိုက်တဲ့ဖြစ်စဉ်တွေ တွေ့မြင်ခဲ့ရပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မိုးဗြဲမြို့ကို တပ်မတော်က ပြန်သိမ်းလိုက်နိုင်တဲ့အကြောင်း၊ ပြည်ပရောက်ဟားခါးချင်းတွေဆီက တစ်ယောက်ဒေါ်လာ ၁၀၀၀ ဆက်ကြေးတောင်းတဲ့ ဟားခါး PDF အကြောင်းနဲ့ လက်ရှိ လုပ်ဆောင်တော့မယ့် ရွေးကောက်ပွဲကာလမှာ စစ်မှုထမ်းခေါ်ဆိုတာ ဆက် ခေါ်သင့်မခေါ်သင့်ဖြစ်ရပ်တွေ၊ အောက်ခြေမှာ ထင်တိုင်းကြဲနေတယ်လို့ ဝေဖန်ခံနေရတဲ့ဖြစ်စဉ်တွေကို သုံးသပ်ချင်ပါတယ်။
◾ ပြန်ရလာတဲ့ မိုးဗြဲ
မိုးဗြဲမြို့ကို ကယားလက်နက်ကိုင်တွေနဲ့ PDF တွေ သိမ်းနိုင်ဖို့ ၂၀၂၁ နှစ်ဝက်လောက်ကစတင်တိုက်ခိုက်ပြီး အချိန်နှစ်နစ်နီးပါးအကြာ ၂၀၂၃ နိုဝင်ဘာလထဲမှာ ခလရ ၄၂၂ ကလွဲရင် မြို့ပေါ်ဧရိယာအားလုံးရပြီး တစ်နှစ်ခွဲလောက်ကြာအောင်ထိန်းချုပ်ထားပေမယ့် တပ်မတော်ရဲ့ အချိန် ခြောက်လကြာထိုးစစ်အတွင်းမှာ ကယားလက်နက်ကိုင်နဲ့ PDF ရာချီသေဆုံးအပြီး မိုးဗြဲမြို့ကို အကြမ်းဖက်တွေက လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။ တပ်မတော်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ မိုးဗြဲမြို့ကိုသိမ်းနိုင်ဖို့ ထိုးစစ်ဆင်လာတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီကနေ ဇွန် ၃၀ ရက်အထိ ခြောက်လအတွင်းမှာ ကယားလက်နက်ကိုင်တွေနဲ့ PDF ပူးပေါင်းတပ်ဘက်က ၁၂၇ ဦးသေဆုံးတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF) က ပြောခဲ့ပါတယ်။ ကယားဒေသမှာ တိုက်ပွဲအများစုက မိုးဗြဲမှာပဲ ဖြစ်ခဲ့တာဖြစ်လို့ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေ ဒီနှစ်ခြောက်လအတွင်း သေဆုံးမှုတွေရဲ့ အများစုက မိုးဗြဲမှာဖြစ်ခဲ့တာလို့လည်း MT News က နားလည်ရပါတယ်။
အဲဒီ ဇွန်လ ၃၀ ရက်မှာပဲ မိုးဗြဲမြို့ကိုထိန်းထားတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF၊ ဒီမော့ဆို DMO Local PDF၊ ရှမ်းတောင်ဗျူဟာ ၁ ၊ မိုးဗြဲ Local PDF နဲ့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- KPLAနဲ့ Urban Revolutionary Front – URF တို့က မိုးဗြဲမြို့အတွင်း တပ်မတော်စစ်ကြောင်းတွေ ဝင်လာ ထိန်းချုပ်သွားတာ ဝန်ခံခဲ့သလို တပ်မတော်ကလည်း ၂၀၂၁ မေလ ၂၁ ရက်ကတည်းက လက်လွှတ်ခဲ့ရတဲ့ မိုးဗြဲရဲစခန်းကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်မှာ ပြန်လည် ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက် မိုးဗြဲမြို့ကို နယ်မြေဆက်လက်ရှင်းရာမှာ တောင့်ခံနေတဲ့ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေ မခံနိုင်ဘဲ ဆုတ်ခွာအပြေးမှာ တပ်မတော်ဘက်က ကယားလက်နက်ကိုင်တွေနဲ့ PDF တွေ ဆွဲပြေးသွားတဲ့ ရုပ်အလောင်းတွေမပါဝင်သေးဘဲ ၂၄ လောင်းရခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းယူခဲ့ပါတယ်။ ဒါဟာ PKPF စာရင်းနဲ့ အလောင်း ၂၄ လောင်းပေါင်းရင်ကို မိုးဗြဲမြို့သိမ်းတိုက်ပွဲမှာ ကယားလက်နက်ကိုင်နဲ့ PDF အနည်းဆုံး ၁၅၀ ကျော် သေဆုံးတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ လက်ရှိမှာတော့ တပ်မတော်က မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်ကရှင်းလင်းဖို့ကျန်ရှိနေတဲ့ ၄ ဒသမ ၅ ကီလိုမီတာအကွာအဝေးကို အပြီးတိုင် ဆက်လက်ရှင်းလင်းပြီး လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဆက်သွယ်ရေး လမ်းမကြီးကို မကြာမီအချိန်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ဒီနေရာမှာ မိုးဗြဲပြန်ရလို့ သိက္ခာတက်တယ်ဆိုပေမဲ့ မိုးဗြဲမြို့ကို တပ်မတော်ဘက်က အရယူမယ်ဆိုတာ ရိပ်မိတဲ့ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေဟာ တပ်မတော်ထိုးစစ်ကို တောင့်မခံဘဲ အင်အားနည်းသွားတဲ့ ဖားဆောင်းဘက်ကို မြားဦးလှည့်တာမြင်ခဲ့ရပါတယ်။ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေဟာ တစ်မြို့လက်လွှတ်ရရင် တစ်မြို့ခြေကုပ်ယူမယ်ဆိုတဲ့ပုံစံနဲ့သွားနေတာဖြစ်ပြီး ဒီနေရာမှာ သတိပြုရမှာက နောင်ချိုပါ။ တပ်မတော်ရဲ့ထိုးစစ်က နောင်ချိုကို သိမ်းနိုင်တော့မယ့်အခြေအနေမှာ TNLA လက်နက်ကိုင်တွေက အသေခံမတိုက်ဘဲ ဆုတ်ပေးပြီး အင်အားနည်းတဲ့မြို့တစ်ခုခု မြားဦးလှည့်သွားတာမျိုးမဖြစ်ရအောင် ဖားဆောင်းကို နမူနာယူဖို့လိုအပ်မှာဖြစ်သလို လာမယ့် ဩဂုတ်မှာ ဆွေးနွေးရင်လည်း ကိုယ့်ဘက်ကအသာစီးရဖို့ နောင်ချိုကို ဒီလအတွင်း ရအောင်ယူဖို့၊ တခြားမြို့ ထပ်မပေးရဖို့လည်း သတိတမံ ဉာဏ်မြေကတုတ်နဲ့ စစ်ဆင်ကစားရမယ်ထင်ပါတယ်။
◾ ပြည်ပရောက်ဟားခါးချင်းတွေဆီက တစ်ယောက် ဒေါ်လာ ၁၀၀၀ ဆက်ကြေးတောင်းတဲ့ ဟားခါး PDF
ချင်းလက်နက်ကိုင် PDF တွေထဲမှာတော့ ဟားခါးက ချင်း PDF တွေဟာ စရိုက်ဆန်တယ်လို့ပြောရမှာဖြစ်ပြီး သူတို့ရဲ့ ထုတ်ပြန်ချက်တွေဟာ အကြမ်းဖက်ဆန်နေတာကို မကြာခဏမြင်ရတတ်ပါတယ်။ ဥပမာအားဖြင့် မနှစ်က ဩဂုတ်လမှာဆိုရင် PDF တွေရဲ့ တော်လှန်ရေးကို ဒုက္ခပေးတဲ့ ဟားခါးမြို့ပေါ်က အိမ်မွေးခွေးတွေကို ရောင်းပစ်ဖို့ ဒါမှမဟုတ် သတ်ဖြတ်ပစ်ဖို့ ချင်း PDF အဖွဲ့ဖြစ်တဲ့ Chinland Defense Force – Hakha အဖွဲက ဟားခါးပြည်သူတွေကို အမိန့်ပေးလာပြီး အိမ်မွေးခွေးတွေ ရန်ရှာတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်လာသလို ဒီနှစ် ဧပြီလထဲမှာလည်း အသက် ၄၅ နှစ်အောက် ဟားခါးချင်းမှန်သမျှ လက်နက်ကိုင် စစ်မှုထမ်းဖို့ အမိန့်ထုတ်လို့ ဟားခါးချင်းလူငယ်တွေ အကုန်ထွက်ပြေးရပါသေးတယ်။
အခုတစ်ခါမှာလည်း ဟားခါးချင်းလက်နက်ကိုင်အဖွဲ့ဟာ ဟားခါးမြို့နေ ချင်းလူငယ်အကုန်လုံးစစ်သင်တန်း မတက်မနေရအမိန့်၊ မြို့ပြင်အထွက်မခံဘူးဆိုတဲ့အမိန့်တွေအပြင် နိုင်ငံခြားရောက်ပြီးသား ဟားခါးချင်းတွေကလည်း ဒီ ၂၀၂၅ အတွက် တစ်ယောက်ကို ဒေါ်လာ ၁၀၀၀ ဟားခါးချင်း PDF ဆီ မဖြစ်မနေလှူရမယ်လို့ အမိန့်ထုတ်ခဲ့ပါသေးတယ်။ တပ်မတော်ရဲ့ စစ်မှူထမ်းအမိန့်ကို ဝေဖန်နေကြသူတွေဟာ TNLA၊ MNDAA၊ AA၊ KNU၊ KIA၊ PDF နဲ့ ချင်းလက်နက်ကိုင်တွေရဲ့ အဓမ္မစစ်သားစုမှုတွေ၊ ဆက်ကြေးတောင်းမှုတွေကိုတော့ မဝေဖန်ရဲလို့ ရိုးသားတဲ့တိုင်းရင်းသားပြည်သူတွေဟာ လက်နက်ကိုင်တွေ အကြမ်းဖက်သမျှ ငုံ့ခံနေရပြီး သူတို့အသံကို ကိုယ်စားပြုမယ့် မီဒီယာအဖွဲ့အစည်းလည်း ရှိမနေဘဲ ငါတို့လွတ်မြောက်မယ်။ ဖက်ဒရယ်ဒီမိုကရေစီရမယ်ဆိုတဲ့ စကားလုံးတွေနဲ့ သာမန်ပြည်သူကို ကျွန်ပြုထားပြီး တိုင်းရင်းသားစစ်ခေါင်းဆောင်တွေက ပြည်ပနိုင်ငံသားအဖြစ်နဲ့ စည်းစိမ်ခံနေတာလည်း မြင်ရပါသေးတယ်။ ဖက်ဒရယ်ဒီမိုကရေစီကို တကယ်သွားချင်တယ်ဆိုရင် လက်နက်ကိုင်ထားသူအားလုံးရဲ့ မတရားမှု၊ အဓမ္မမှုတွေအကုန်လုံးကို လက်ညှိုးထိုးဖို့လိုပြီး ဥပဒေလိုက်နာရတဲ့ တပ်မတော်ပဲပြောမယ်။ ဥပဒေမလိုက်နာရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ငါပြောရင် အသတ်ခံရမယ်ဆိုတဲ့ ကြောက်စိတ်နဲ့ ဘာလုပ်လုပ်မပြောရဲဖြစ်နေသရွေ့တော့ ဖက်ဒရယ်ဒီမိုကရေစီဟာ လူထုနဲ့ နိုင်ငံနဲ့ မထိုက်တန်သေးဘူးလို့ဘဲ ပြောရမှာဖြစ်ပြီး လူထုနဲ့ထိုက်တန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရှိရင်းစွဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်သွားပြီး လာမယ့်ရွေးကောက်ပွဲကနေ ဆင့်ကဲ ဝေဖန်ပြောင်းလဲတာက ပိုမိုမြန်ဆန်ပါမယ်။
◾ စစ်မှုထမ်း ဝိရောဓိ
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ငြိမ်းချမ်းရေဖိုရမ် ပိတ်ပွဲ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲကာလ ၆ လ ဒါမှဟုတ် တစ်နှစ်အတွင်း ပြည်မှုစစ်မှုထမ်းစာရင်းကောက်ခံတာတွေ ရပ်ဆိုင်းပေးဖို့ ဆွေးနွေးခဲ့တာဟာ တော်တော့်ကို ပွဲဆူခဲ့ပြီး စစ်မှုထမ်းဥပဒေကို ပြန်လည်သုံးသပ်ဖို့၊ ဆိုင်းငံ့ဖို့ဟာ တော်တော့်ကို ဂယက်ရိုက်ခဲ့ပါတယ်။
ဒေါက်တာညိုညိုသင်းပြောသလို စစ်မှုထမ်းဥပဒေကို ဆိုင်းငံ့ထားစေချင်သူတွေက NLD,CRPH,NUG,PDF နဲ့ EAOs တွေကို ထောက်ခံသူတွေဖြစ်ပြီး စစ်မှုထမ်းဥပဒေမဆိုင်းငံ့စေချင်သူတွေက မြန်မာ့မြေပုံပဲ့ထွက်မှာ မလိုလားသူတွေလို့ အကြမ်းဖျဉ်းပြောရမှာပါ။
၂၀၂ ရွေးကောက်ပွဲ မဲမသမာမှုအကျပ်အတည်းကို အာဏာရ NLD ပါတီမဖြေရှင်းရဲဘဲ လူငယ်တွေနဲ့ ပြည်သူတွေကို နိုင်ငံရေးအဓိကရုဏ်းဆီ ဆွဲသွင်းလိုက်ပြီး တက်ကြွနိုးကြွားတဲ့ လူငယ် အနည်းဆုံး ၁၅၀၀၀၀ လောက်ဟာ လက်နက်ကိုင်တွေဆီ ခိုဝင်သွားရာက ဒီနိုင်ငံကနေ ဖက်ဒရယ်ဒီမိုကရေစီအကြောင်းပြ ခွဲထွက်ချင်သူတွေက မကြုံစဖူး နယ်မြေအပိုင် အနိုင်ရပြီး နယ်မြေခွဲထွက်ဖို့၊ Confederate လုပ်ဖို့ဆိုတာတွေ၊ ကော်သူးလေနိုင်ငံဆိုတာတွေ၊ ရခိုင်ဘုရင့်နိုင်ငံတော်သစ်ဆိုတာတွေ ဗွက်ထလာချိန်မှာ စစ်မှူထမ်းဥပဒေ ပြဌာန်းရတာဖြစ်ပါတယ်။ ဒီစစ်မှုထမ်းဥပဒေက လက်ရှိမှာ လူ ၇၀၀၀၀ လောက်ကိုတောင် မွေးထုတ်ဖို့ကြိုးစားနေဆဲပါ။ နွေဦးတော်လှန်ရေးကြောင့် လူငယ် ၂ သိန်းဟာ နိုင်ငံကို ခွဲထွက်ချင်သူဘက် ကူးသွားတယ်ဆို နိုင်ငံတည်တံ့စေချင်တဲ့ဘက်မှာလည်း အနည်းဆုံး လူငယ် ၂ သိန်းလောက် စစ်မှုထမ်းစာရင်းမှာ မြဲနေဖို့လိုပါမယ်။ အချုပ်ပြောရမယ်ဆိုရင် စစ်ကို လိုလားနေသရွေ့၊ စစ်ကိုဖိတ်ခေါ်နေသရွေ့ စစ်မှူထမ်းဥပဒေ ရပ်လို့မရဘဲ စစ်ကို မလိုချင်တော့ပါဘူးဆိုမှ (ပြည်ပကျူးကျော်စစ်မရှိချိန်မှ) စစ်မှုထမ်းဥပဒေ ဆိုင်းငံ့မယ်ဆိုတာက ပိုသင့်တော်ပါလိမ့်မယ်။ ဒါ့ကြောင့် စစ်မှုထမ်းဥပဒေ ဆိုင်းငံ့ထားချင်တယ်ဆို လူထုကြားမှာကို စစ်ကို မလိုချင်တော့ပါဘူးဆိုတဲ့ အခြေအနေ ဖြစ်လာဖို့လိုအပ်ပါတယ်။
ဒါပေမဲ့ စစ်မှုထမ်းဥပဒေမှာလည်း ပြင်ဆင်ဖို့လိုအပ်နေတာ တကယ်ရှိပြီး အဲဒီလိုအပ်ချက်တွေက ဒီလိုကာလမှာ စစ်မှုထမ်းရသူတွေကို ထိုက်ထိုက်တန်တန်ချီးမြှင့်တာ၊ အောက်ခြေမှာ ရဲတပ်ဖွဲ့ဝင်တွေကအစ မသမာမှုလုပ်ဖူးတဲ့ ဖြစ်စဥ်တွေလိုမျိုး ထပ်မဖြစ်ရအောင် ကြပ်မတ်တာ၊ အထက်အဆင့်ဆင့်မှာ အဂတိမရှိအောင် ထိန်းချုပ်တာ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/ ၂၀၂၅) မှာ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောခဲ့သလို ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ ရပ်ကွက်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ၊ မြို့နယ်အဖွဲ့တွေဟာ လူမှုဆက်ဆံရေးကောင်းမွန်စေရေး၊ ငွေကြေးမသမာမှုမရှိစေရေး၊ အဂတိမဖြစ်ပေါ်စေရေး၊ သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ရေးတို့ အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ပေးတာက အဖြစ်သင့်ဆုံးလို့ ပြောရမှာဖြစ်ကြောင်းနဲ့ စစ်မှုမထမ်းချင်ရင် စစ်ပွဲတွေကို မဖိတ်ခေါ်တာ အမှန်ကန်ဆုံးဖြစ်ကြောင်း သုံးသပ်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။
