
MT News
၈. ၇. ၂၀၂၅
SAC အစိုးရအဖွဲ့ဝင် ဒေါ်ဒွဲဘူနေအိမ်နှင့် ကချင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာနေအိမ်တို့ အသံမိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုသည်။
ထိုဖြစ်စဥ်မှာ ယမန်နေ့ ဇူလိုင် ၇ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင်ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ဒေါ်ဒွဲဘူ၏နေအိမ်အားလည်းကောင်း၊ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ယုဇနရပ်ကွက်အတွင်းရှိ ဦးတူးဂျာ ၏ နေအိမ်အား လည်းကောင်း အကြမ်းဖက် သမားများက အသံမိုင်းများဖြင့် လာရောက် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်များရှိ ပြတင်းတံခါး မှန်များ အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ဒွဲဘူသည် KSPP ပါတီ ဒုဥက္ကဋ္ဌ (၁) တာဝန်ယူခဲ့သူဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ခဲ့ကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ SAC အစိုးရအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံထားရသည်။
လက်ရှိ KSPP ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)တွင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးကာ ပြီးခဲ့သည့်ဇွန်လက နေပြည်တော်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ် တက်ရောက်ခဲ့သည်ကို တွေ့ရသလို ရွေးကောက်ပွဲကော်မရှင်က KSPP ပါတီအား မှတ်ပုံတင်ခွင့်ပြုထား၍ လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်အခြေအနေရှိနေသည်။
KIA နှင့် KPDF များ အဓိကကျက်စားသည့် နယ် မြေများ၌ ဖြစ်ပွားခဲ့သည့် အထက်ပါဖြစ်စဉ်များတွင် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ခဲ့သည့် အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
