
သတိုး
၈. ၇. ၂၀၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အမေရိကန်စီးပွားရေးတွင် ကုန်သွယ်ဖက်အဖြစ်ပါဝင်ရန် ဖိတ်ခေါ်သည့် သဝဏ်လွှာကို ဇူလိုင် ၇ ရက် ရက်စွဲဖြင့် ပေးပို့လိုက်သည်။
၂၀၂၁ နွေဦးဖြစ်စဥ်နောက်ပိုင်းတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများစွာ ပြုလုပ်ခံထားရချိန်၌ အမေရိကန်သမ္မတတစ်ဦးက SAC အစိုးရအဖွဲ့ခေါင်းဆောင်အား ပထမဆုံးအဖြစ် လေးလေးစားစားပေးပို့လာသော ထိုစာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌရာထူးနှင့် မြန်မာနိုင်ငံ၏ စစ်သေနာပတိချုပ်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးတာဝန်များကို အလေးအနက် အသိအမှတ်ပြုဖော်ပြထားသည်ကိုလည်း တွေ့ရပြီး အဆိုပါစာလွှာကို ပေးပို့ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် အဆိုပါပေးပို့စာသည် အမေရိကန်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုဆက်ဆံရေး၏ ခိုင်မာမှုနှင့် ကတိကဝတ်ကို ပြသခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလိုငွေ သိသိသာသာရှိနေသော်လည်း ရှေ့သို့ ဆက်လက်ချီတက်ရန် ဆုံးဖြတ်ချက်ချမှတ်ထားကြောင်းနှင့် မျှတပြီး တရားမျှတသော ကုန်သွယ်ရေးကိုသာ လိုလားပါကြောင်း၊ ထို့ကြောင့် ကမ္ဘာပေါ်တွင် နံပါတ်တစ်ဈေးကွက်ဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏ ထူးခြားသော စီးပွားရေးတွင် ပါဝင်ရန် ဖိတ်ခေါ်ပါကြောင်း ဖော်ပြထားသည်။
ထို့နောက် အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးဆက်ဆံရေးမှ ကုန်သွယ်ရေးလိုငွေကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး ဤရေရှည်ပြဿနာမှ လွတ်မြောက်ရန် လိုအပ်သည်ဟု ကောက်ချက်ချခဲ့ပါကြောင်း၊ ဤသို့ဖြစ်ရခြင်းသည် ကျွန်ုပ်တို့၏ ဆက်ဆံရေး၊ ရေရှည်တည်တံ့သော အခွန်ကောက်ခံမှုများ၊ အခွန်မဟုတ်သော မူဝါဒများနှင့် ကုန်သွယ်ရေးအတားအဆီးများကြောင့် ဖြစ်ပါကြောင်း၊ ပြန်လည်အသုံးပြုသည့်စနစ်အရ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာ့ကုန်ပစ္စည်းများနှင့် ထုတ်ကုန်အားလုံးကို အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ပါက သီးခြားအခွန်နှုန်းထား မြင့်မားစွာ ပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ကုန်ပစ္စည်းများ အမေရိကန်သို့ တင်ပို့ရာတွင် မြင့်မားသော အခွန်ကောက်ခံမှု ၄၀ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်ပါကြောင်း ထို ၄၀ ရာခိုင်နှုန်းသည် အခွန်လိုငွေကို ဖယ်ရှားရန်အတွက် လိုအပ်သည့် ပမာဏထက် များစွာနည်းပါးသည်ကို နားလည်ပေးစေလိုကြောင်း၊ ကျွန်ုပ်တို့၏နိုင်ငံနှင့် ကုန်သွယ်ရေးလိုငွေကို ဖယ်ရှားရန်အတွက် အခွန်မရှိသော၊ သို့မဟုတ် နိုင်ငံအတွင်း၊ သို့မဟုတ် အမေရိကန်ပြည်ထောင်စုတွင် ကုန်ပစ္စည်းများ ထုတ်လုပ်ရန် ဆုံးဖြတ်ပါက ကျွန်ုပ်တို့သည် အရာရာတိုင်းကို လျင်မြန်စွာ၊ ကျွမ်းကျင်စွာ၊ ပုံမှန်အတိုင်း အတည်ပြုပေးသွားမည်ဖြစ်ပါကြောင်းလည်း ဖော်ပြထားသည်။

ထို့အတူ အခွန်ကိုတိုးမြှင့်ရန် ဆုံးဖြတ်ထားပြီးဖြစ်၍ မည်သည့်ပို့ကုန်တင်ပိုသည်ဖြစ်စေ အခွန် ၄၀ ရာခိုင်နှုန်းကျသင့်မည်ဖြစ်ကြောင်း၊ ဤအခွန်များသည် မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာ အခွန်၊ အခွန်မဟုတ်သော မူဝါဒများနှင့် ကုန်သွယ်ရေးအတားအဆီးများကို ပြင်ဆင်ရန် လိုအပ်၍ ဖြစ်သည်ကို နားလည်ပေးစေလိုကြောင်း၊ ထိုသို့ လုပ်ဆောင်ခဲ့မှုများက အမေရိကန်ပြည်ထောင်စုအဖို့ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးကို အဓိကခြိမ်းခြောက်မှုဖြစ်စေခဲ့သော လိုငွေဖြစ်ပေါ်၍ အခွန်တိုးကောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ကျွန်ုပ်တို့သည် သင့်အား လာမည့်နှစ်များစွာအတွက် ကုန်သွယ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း၊ ယခင်က ပိတ်ထားခဲ့သော ကုန်သွယ်ဈေးကွက်များကို အမေရိကန်ပြည်ထောင်စုထံ ဖွင့်လှစ်ပြီး သင်၏ အခွန်များ၊ အခွန်မဟုတ်သော မူဝါဒများနှင့် ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားလိုပါက ကျွန်ုပ်တို့သည် ဤစာနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ ဆက်ဆံရေးပေါ်မူတည်၍ ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဤအခွန်နှုန်းများကို မြင့်မားစွာ သို့မဟုတ် နိမ့်ပါးစွာ ပြောင်းလဲနိုင်ပါကြောင်း သင့်နိုင်ငံနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက စိတ်ပျက်ရမည် မဟုတ်ပါကြောင်းနှင့် ဤကိစ္စနှင့်ပတ်သက်၍ သင်၏ အာရုံစိုက်မှုအတွက် လေးစားစွာဖြင့် ကျေးဇူးတင်ပါကြောင်း ဖော်ပြခဲ့သည်ကိုလည်း တွေ့ရပြီး အခွန်နှုန်းတိုးမြှင့်မှု သို့မဟုတ် လျော့ကျစေလိုမှုရှိပါက ညှိနှိုင်း နိုင်ကြောင်းလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
