၈. ၇. ၂၀၂၅
Written by Nyein Kyaw
အိန္ဒိယနိုင်ငံတွင် ဘာရတ်နိုင်ငံတကာ ကျန်းမာရေးကုန်စည်ပြပွဲ (Bharat Health Global Expo 2025) နှင့်အတူ ကျင်းပပြုလုပ်မည့် တိုင်းရင်းဆေးပြပွဲ AYUSH UTSAV 2025 ပြပွဲသို့ ပါဝင်ပြသလိုသော မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ပို့ကုန်မြှင့်တင်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နယူးဒေလီမြို့ရှိ ပြပွဲများ ကျင်းပပြုလုပ်ရာ အဆောက်အအုံဖြစ်သည့် Bharat Madapam၊ Pragati Maidan တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ AYUSH UTSAV ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
AYUSH UTSAV 2025 ပြပွဲကို ဘာရတ်နိုင်ငံတကာ ကျန်းမာရေးကုန်စည်ပြပွဲ (Bharat Health Global Expo 2025) နှင့်အတူ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြပွဲတွင် ကျန်းမာရေးဆိုင်ရာ ဖြေရှင်းနည်းများကို တစ်စုတစ်စည်းတည်း ပြသနိုင်ရန် ကြိုးပမ်းထားပြီး iPHEX၊ India MedTech၊ Ayush Utsav၊ Phama Mach Tech၊ Lab Next Expo၊ Sanjeevani၊ Neutraverse စသည့် ကုန်စည်ပြပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲဖိုရမ်များ၊ ရောင်းသူ၊ ဝယ်သူတွေ့ဆုံပွဲများ၊ G2G နှင့် G2B တွေ့ဆုံပွဲများလည်း ပါဝင်မည်ဖြစ်သည်။
တိုင်းရင်းဆေးပြပွဲဖြစ်သည့် AYUSH UTSAV သည် တိုင်းရင်းဆေးနှင့် ဆေးဖက်ဝင်အပင်နှင့်ဆိုင်သော ကျန်းမာရေးကဏ္ဍတို့အတွက် နိုင်ငံတကာစီးပွားရေး ချိတ်ဆက်ဆောင်ရွက်ရန် အထင်ကရ အခမ်းအနားတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်မည့်သူများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်း အဆိုပြုပေးပို့ရမည်ဖြစ်ကြောင်း၊ အဆိုပြုထားသည့် ကိုယ်စားလှယ်များအတွက် လေယာဉ်လက်မှတ်ခ ရိုးရိုးတန်း (Economy Class) အတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၄၀၀ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လေယာဉ်လက်မှတ်ခအတွက် ထောက်ပံ့ငွေထုတ်ပေးခြင်းများကို AYUSH Utsav ပြပွဲသို့ တက်ရောက်ခွင့် အရည်အချင်းပြည့်မှီသူများ အတည်ပြုချက် ထုတ်ပြန်မည့် နောက်ဆုံးနေ့ဖြစ်သည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယင်းထောက်ပံ့မှုသည် ကုမ္ပဏီတစ်ခုလျှင် တစ်ဦးအတွက်သာဖြစ်ကြောင်း ဖော်ပြထားသည်။
စက်တင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ တည်းခိုနေထိုင်ရေးနှင့် အိန္ဒိယမှ ဆေးပစ္စည်းတင်ပို့သူ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများနှင့် သီးသန့်ဆွေးနွေးပွဲများ တက်ရောက်ခွင့်ကိုလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဝယ်ယူသူအဆိုပြုလွှာဆိုင်ရာ အသေးစိတ်အချက်အလက်များကို Registration Form တွင် ကြည့်ရှုနိုင်ပြီး AYUSH UTSAV 2025 ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း ဖော်ပြထားသည်။
