
၇. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၅ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်အောင်ပွဲ (၂)နှစ်ပြည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

အခမ်းအနား မစတင်မီ SAC ဥက္ကဋ္ဌက အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော် ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်ခဲ့ပြီးနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ SAC ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းပြီး SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး SAC ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
