
၇.၇.၂၀၂၅.
Translated by Htwe Ko Tun
ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၁,၆၀၀ နီးပါး ရှိခဲ့အပြီးမှာတော့ နိုင်ငံ့တောင်ပိုင်း ဝေးလံခေါင်ဖျားတဲ့ ကျွန်းတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေဟာကြောက်ရွံ့စိုးရိမ်မှုတွေနဲ့အတူ နေရပ်ကို စွန့်ခွာပြောင်းရွှေ့ ကုန်ကြတယ်လို့ အကူဆီကီးကျွန်းရဲ့ မြို့တော်ဝန် ဂီနီချီရို ကူဘိုက ဇူလိုင်လ ၇ ရက်မှာပြောကြားခဲ့ပါတယ်။
အကူဆီကီးကျွန်းမှာ ပြင်းအား မဂ္ဂနီကျူ့ ၅ ဒသမ ၁ ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပေမယ့် ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့သေးဘူးလို့ ဆိုပါတယ်။ အဆိုပါငလျင်နဲ့အတူ ညလုံးပေါက်ဆိုသလို ငလျင်တွေ လှုပ်ခတ်ခဲ့တာပါ။
ဂျပန်တောင်ပိုင်းမှာ ဇွန်လ ၂၁ ရက်ကစလို့ နေ့စဉ်အဆက်မပြတ်နီးပါး ငလျင်တွေလှုပ်ခတ်နေတာက ဒေသခံအတော်များများက အိပ်လို့မရအောင်ကို ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။ အကူဆီကီး ကျွန်းပေါ်မှာနေထိုင်သူ ၈၉ ဦးအနက် ၄၄ ဦးက ဒေသတွင်း အချက်အခြာမြို့ဖြစ်တဲ့ ကာဂိုရှီမားမြို့ကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ နောက် ၁၅ ဦးကလည်း တခြားကျွန်းတစ်ကျွန်းကို ပြောင်းသွားတယ်လို့ မြို့တော်ဝန် ဂီနီချီရို ကူဘိုက ပြောခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အကူဆီကီးကျွန်းကနေ ဒီပြင်ကျွန်းတစ်ကျွန်းကို ပြောင်းရွှေ့လာခဲ့ပါပြီ။
ဇွန်လ ၂၁ ရက်ကစလို့ ဂျပန်နိုင်ငံရဲ့တောင်ပိုင်းနယ်မြေမှာ ငလျင်လှုပ်ခတ်မှုတွေက ဇူလိုင်လ ၇ ရက် နံနက်ပိုင်းအထိ စုစုပေါင်း ၁၇ ရက်တာကာလအတွင်းမှာ ၁,၅၈၂ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျမ်းမျှ ၉၃ ကြိမ်လောက် ငလျင်လှုပ်ခဲ့ရာမှာ အကူဆီကီးကျွန်းကပြည်သူတွေလည်း ထိတ်လန့် ပြောင်းရွှေ့ကုန်ကြတာပါ။
ငလျင်ပညာရှင်တွေကတော့ ရေအောက်မှာရှိတဲ့ မီးတောင်တစ်လုံးနဲ့ ကမ္ဘာ့မြေလွှာအောက်ရှိကျောက်ရည်ပူတွေစီးဆင်းနေမှုက ခုလို ငလျင်လှုပ်မှုတွေ အဆက်မပြတ်ဖြစ်နေစေတာလို့ဆိုကြပါတယ်။ ဒီလို အဆက်မပြတ်ငလျင်လှုပ်မှုတွေ ဘယ်အထိဖြစ်နိုင်လဲဆ်ိုတာတော့ သူတို့လည်း ခန့်မှန်းလို့မရဘူးလို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ဒီနယ်မြေအတွင်း မြေငလျင်လှုပ်ရှားမှု စုစုပေါင်း ငလျင် ၃၄၆ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ ဂျပန်မြေငလျင်ဌာနက ပြောခဲ့ပါတယ်။ လူဦးရေ ၁၂၅ သန်းရှိ ဂျပန်နိုင်ငံက မြေငလျင်လှုပ်ရှားမှု အများဆုံးဖြစ်ရာနိုင်ငံဖြစ်ပြီး နှစ်စဉ် ငလျင်အကြိမ် ၁,၅၀၀ ခန့် လှုပ်ခတ်ကာ ကမ္ဘာ့ငလျင်လှုပ်ခတ်မှုတွေရဲ့ ၁၈ ရာခိုင်နှုန်းက ဂျပန်နိုင်ငံမှာလို့လည်း သိရပါတယ်။
Ref- AFP
