
၇. ၇. ၂၀၂၅
Translated by Thettant
ကမ္ဘာကျော် တက္ကသိုလ်တွေကနေ ပါရဂူဘွဲ့တွေ မဟာဘွဲ့တွေရထားပေမဲ့ အလုပ်မရတဲ့ အသက် ၃၉ နှစ်အရွယ် Ding Yuanzhao (တင်းယွမ်ကျောက်) ရဲ့ ဘ၀ဇာတ်လမ်းဟာ ယှဉ်ပြိုင်မှု ပြင်းထန် ခက်ခဲတဲ့အလုပ်အကိုင်ဈေးကွက်အတွင်း ပညာရေးဆိုင်ရာ အရည်အချင်းတွေ တန်ဖိုးကျဆင်းနေမှုနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ ဆွေးနွေးမှုများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီဖြစ်ရပ်မှန်မှာ တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ အစားအသောက်ပို့ဆောင်တဲ့ ဒယ်လီဗာရီ (Delivery) လုပ်နေရပေမဲ့ သူဟာ အောက်စဖို့ဒ်အပါအဝင် ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေက ဘွဲ့များစွာရရှိထားတာကြောင့် “ပညာရေးအဆင့်အတန်း အမြင့်ဆုံး အစားအစာ ပို့ဆောင်ရေးဝန်ထမ်း” အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူအကြောင်းပါ။
ဖူကျန့်ပြည်နယ်၊ အရှေ့တောင်ပိုင်းဇာတိဖြစ်တဲ့ Ding ဟာ ၂၀၀၄ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ အမျိုးသားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြစ်တဲ့ Gaokao (ဂေါင်ကောင်း) ကို ဖြေဆိုခဲ့ရာမှာ စုစုပေါင်း ပေးတဲ့ ရမှတ် ၇၅၀ မှာ အမှတ် ၇၀၀ နီးပါးနဲ့ ထိပ်ဆုံးကအောင်မြင်ခဲ့တာကြောင့် တရုတ်နိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ Tsinghua University (ဆင်းဟွာတက္ကသိုလ်) ကို ဝင်ခွင့်ရခဲ့တာပါ။
အဲဒီ ဆင်းဟွာတက္ကသိုလ်ကနေ ဓာတုဗေဒဘာသာရပ်နဲ့ ဘွဲ့ရပြီးနောက်မှာ Ding ဟာ နောက်ထပ် ထင်ရှားတဲ့ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Peking University (ပီကင်းတက္ကသိုလ်) မှာ စွမ်းအင်အင်ဂျင်နီယာဘာသာရပ်နဲ့ မဟာဘွဲ့ကို ဆက်လက်သင်ယူခဲ့ပါတယ်။
အဲဒီနောက် စင်ကာပူနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Nanyang Technological University (နန်ယန်းနည်းပညာတက္ကသိုလ်) ကနေ ဇီဝဗေဒဘာသာရပ်နဲ့ ပါရဂူဘွဲ့ကို ရရှိခဲ့တဲ့အပြင် ဗြိတိန်နိုင်ငံက ကမ္ဘာကျော် Oxford University (အောက်စဖို့ဒ်တက္ကသိုလ်) ကနေလည်း ဇီဝမျိုးစုံမျိုးကွဲဘာသာရပ်နဲ့ မဟာဘွဲ့ကိုလည်း ရရှိခဲ့သူပါ။

◾️ အလုပ်အကိုင် အခက်အခဲများ
အစားအစာပို့ဆောင်ရေးဝန်ထမ်း မလုပ်ကိုင်မီကတော့ Ding ဟာ စင်ကာပူနိုင်ငံက National University of Singapore (NUS – စင်ကာပူအမျိုးသားတက္ကသိုလ်) မှာ ဘွဲ့လွန်သုတေသန လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး သူ့ရဲ့စာချုပ်က ၂၀၂၄ မတ်လမှာ ကုန်ဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Ding ဟာ အလုပ်အသစ်ရဖို့ လျှောက်လွှာများစွာ ပေးပို့ခဲ့ပြီး အင်တာဗျူး ၁၀ ကြိမ်ကျော် တက်ရောက်ခဲ့ပေမဲ့လည်း သင့်လျော်တဲ့အလုပ်ကို မရရှိခဲ့ပါဘူး။
အဲဒီနောက်မှာတော့ Ding ဟာ စင်ကာပူမှာ အစားအစာပို့ဆောင်ရေးဝန်ထမ်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး တစ်နေ့ကို ၁၀ နာရီ အလုပ်လုပ်ခဲ့ရာမှာ တစ်ပတ်ကို စင်ကာပူဒေါ်လာ ၇၀၀ (အမေရိကန်ဒေါ်လာ ၅၅၀) ခန့် ရရှိခဲ့ပါတယ်။
“ဒါဟာ တည်ငြိမ်တဲ့အလုပ်ပါ။ ဒီဝင်ငွေနဲ့ ကျွန်တော့်မိသားစုကို ထောက်ပံ့နိုင်တယ်။ ကြိုးစားရင် ကောင်းကောင်းမွန်မွန် ဝင်ငွေရှာနိုင်တယ်။ ဒါက မဆိုးတဲ့အလုပ်ပါ” လို့ Ding က လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ သူ့မိသားစုအကြောင်းကိုတော့ Ding က မပြောပြခဲ့ပါဘူး။
“အစားအစာပို့ခြင်းရဲ့ အားသာချက်တစ်ခုက တစ်ချိန်တည်းမှာ ကိုယ်လက်လှုပ်ရှားမှုလည်း ရနိုင်တယ်”လို့ ပြေးခုန်ပစ် ဝါသနာရှင်ဖြစ် Ding က ထပ်လောင်းပြောကြားခဲ့ပါတယ်။
◾️ စိတ်ဓာတ်ခွန်အားပေးခြင်း
မဟာဘွဲ့ရ Ding ဟာ ကျောင်းသားငယ်တွေကို သင်ပြဖို့ ကျူရှင်ဆရာအဖြစ် လုပ်ကိုင်နိုင်ပေမဲ့ မလုပ်ကိုင်ဖို့ဘဲ သူဆုံးဖြတ်ခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက သူ့ဆီကျုရှင်လာသင်မဲ့ တပည့်တွေကို “ဖောက်သည်အဖြစ် ကိုယ်တိုင်ရှာဖွေဖို့ ရှက်ရွံ့လို့ပါ” လို့ သူ့ခံစားချက်ကို ပြောခဲ့ပါသေးတယ်။
စင်ကာပူမှာ ဒယ်လီပို့ပြီး လအနည်းငယ်အကြာမှာ Ding ဟာ တရုတ်နိုင်ငံကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန် ဘေဂျင်းရဲ့ ထိပ်တန်းဈေးဝယ်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Meituan အတွက် အစားအစာပို့ဆောင်ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေပါတယ်။
မကြာသေးမီကတော့ Ding ဟာ Gaokao စာမေးပွဲပြီးဆုံးခဲ့တဲ့ ကျောင်းသားတွေကို အားပေးတဲ့ ဗီဒီယိုတစ်ခုကို တင်ပြီးနောက်မှာ အွန်လိုင်းအသုံးပြုသူတွေဆီက သိသာထင်ရှားတဲ့ အာရုံစိုက်မှုကို ရရှိခဲ့တဲ့ ကျော်ကြားသူဖြစ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အမျိုးသားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြစ်တဲ့ Gaokao ကို နှစ်စဉ် ဇွန်လအစောပိုင်းမှာ ကျင်းပပြီး စာမေးပွဲရလဒ်ကိုတော့ လကုန်ပိုင်းမှာ ထုတ်ပြန်လေ့ရှိပါတယ်။
“ရလဒ်ကောင်းတွေ မရခဲ့ရင်လည်း စိတ်အားမငယ်ပါနဲ့၊ စိတ်ပျက် အားမငယ်ပါနဲ့။ ကောင်းကောင်းလုပ်နိုင်ခဲ့ရင်လည်း လူအများစုရဲ့ အလုပ်က သိပ်ပြီး ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကြီးတော့ မဟုတ်ဘူးဆိုတာကို မှတ်ထားပါ” လို့ Ding က Gaokao ဖြေဆိုသူလူငယ်တွေကို အကြံပြုခဲ့ပါတယ်။

◾️လူမှုမီဒီယာပေါ်က ငြင်းခုန် ဆွေးနွေးမှုများ
ကမ္ဘာကျော်တက္ကသိုလ်တွေကနေ ပါရဂူတွေ မဟာဘွဲ့တွေရပြီးမှ ဒယ်လီပို့နေရတဲ့ Ding ရဲ့ ဘ၀ဇာတ်လမ်းဟာ တရုတ်ပြည်မကြီးရှိ လူမှုမီဒီယာများစွာမှာ သိသာထင်ရှားလှတဲ့ ဆွေးနွေးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
“ဒါဆို ပညာရေးရဲ့ အဓိပ္ပာယ်က ဘာလဲ” လို့ အင်တာနက်အသုံးပြုသူတစ်ဦးက မေးခွန်းထုတ်ခဲ့သလို အခြားအသုံးပြုသူတစ်ဦးက “သူ အများကြီး သင်ယူခဲ့ပေမယ့် နောက်ဆုံးတော့ အစားအစာပို့တဲ့အလုပ်ကိုပဲ လုပ်နေရတုန်းပဲ” ဟု မှတ်ချက်ပြုခဲ့ပါတယ်။
အကောင်းမြင်တတ်သူအခြားတစ်ဦးကတော့”သူ့ဆုံးဖြတ်ချက်မှာ ဘာမှ မှားတာမရှိပါဘူး။ အနည်းဆုံးတော့ သူ့ဘဝရဲ့ နိမ့်ကျတဲ့အချိန်မှာ သူ စိတ်ဓာတ်မကျခဲ့ဘူး”လို့ ပြောကြားပြီး Ding ကို သူကာကွယ်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့သုံးနှစ်ဆက်တိုက် နှစ်စဉ် ကျောင်းသား ၁၃ သန်းခန့်က Gaokao စာမေးပွဲကို ဖြေဆိုခဲ့ပါတယ်။ အလုပ်သမားဈေးကွက်ကတော့ မကြာသေးမီအချိန်ကစ သိသိသာသာ ဖိအားတွေ ခံစားနေရပြီး အမျိုးသားစာရင်းအင်းဗျူရို အဆိုအရ မြို့ပြဒေသတွေမှာ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်ကြား ကျောင်းသားတွေမပါဝင်တဲ့ လူငယ်အလုပ်လက်မဲ့နှုန်းဟာ ၂၀၂၅ မေလမှာ ၁၄ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
Ref, SCMP
