
၆. ၇ .၂၀၂၅
Written By Thiri
ဝင်္ဂဘော်ဆင်စခန်းက ဆင်အမွှာလေး ကျော်ပုလဲဟာ ရရှိထားတဲ့ ကျောရိုးဆစ်လွဲတဲ့ ဝေဒနာနဲ့ပဲ ဒီနေ့မနက် ငါးနာရီမှာ သေဆုံးသွားခဲ့ရရှာပြီး အလောင်းကို မြေမြှုပ်ပြီးစီးခဲ့ပြီလို့ ဝင်္ဂဘော်ဆင်စခန်းကို MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
ဝင်္ဂဘော် ဆင်စခန်းက ဆင်အမွှာလေး ကျော်ပုလဲ ကျောရိုးအဆစ်လွဲနေမှု ကုသပျောက်ကင်းနိုင်ဖို့ ပြည်တွင်းပြည်ပ ဆရာဝန်တွေဟာ ကုသမှုအတွေ့အကြုံနည်းပါးသလို ဆင်ကြီးတွေမှာ အဲဒီလိုဝေဒနာ ဖြစ်လာပါကလည်း တစ်လအတွင်း သေဆုံးတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ကြောင်းကိုလည်း တိရိစ္ဆာန် ဆေးကုဆရာဝန်က ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မှာ အသိပေးခဲ့ပါတယ်။

ဆင်ပေါက်လေး ကျော်ပုလဲဟာ မိခင်ဆင်မကြီးက အိပ်ပျော်နေရာကနေ ရုတ်တရက်လန့်နိုးပြီး ကန်မိတာကြောင့် ကျောရိုးမကြီးနဲ့ မြီးခုံရိုးပြင်းထန်စွာထိခိုက်ပြီး လမ်းမလျှောက်နိုင်ဖြစ်နေတာ နှစ်လကျော် သုံးလနီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ကျော်ပုလဲကို ခွဲစိတ်ကုသဖို့ကလည်း အသက်က ကိုးလဝန်းကျင်သာ ရှိသေးပြီး အသက်ငယ်လွန်းသေးတာကြောင့် အကြီးစားခွဲစိတ်မှုတွေ မလုပ်သင့်သေးတဲ့အတွက် အချိန်ယူနေရသလို ခါးဆစ်ရိုးထိတဲ့ဒဏ်ကြောင့် လမ်းလျှောက်ရခက်ခဲတဲ့အခါ တရွတ်ဆွဲ ပွတ်တိုက်သွားလာတဲ့ဒဏ်တွေကြောင့် နောက်ခြေတွေမှာ အရေပြားကွာတဲ့ အနာတွေရှိနေလို့ ပျောက်ကင်းအောင် နေ့စဉ် အနာကျက်ဆေးထည့်ပေးနေရာမှာ သိသာစွာ ပျောက်ကင်းသက်သာလာပေမယ့် ကျောရိုးဆစ် လွဲနေတာကြောင့် ခန္ဓာကိုယ် နောက်ပိုင်းတော့လှုပ်လို့မရဖြစ်ခဲ့ကြောင်းလည်း သိရှိရပါတယ်။
ကျော်ပုလဲ ပြန်လည်ကောင်းမွန်နိုင်ခြေနဲ့ ပတ်သက်လို့လည်း “ခံနိုင်ရည်ရှိလာသောအချိန်တွင် ကျောရိုးခွဲစိတ်ကာ ပိနေသည့် Nerves ကိုဖယ်ရှားပေးနိုင်မှသာ နောက်ပိုင်းပြန်လှုပ်နိုင်မည်ဟု ယူဆပါသည်။ ကျွန်တော်တို့ရော အခြားနိုင်ငံတွေမှာရော ဆင်တွေကို ဗိုက်ခွဲမွေးတာ၊ သားအိမ်ကျွံတာ စတာတွေပဲ ခွဲစိတ်ဖူးတဲ့ အတွေ့အကြုံသာရှိပါသည်။ ကျောရိုးမ ခွဲစိတ်ဖယ်ရှားတာ မရှိသေးပါ။ Paralyzed ဖြစ်တဲ့ ဆင်ကြီးတွေ ဥပမာ သစ်ပင်ရိုက်မိတာ စတဲ့ ဆင်ကြီးတွေဆို နာကျင်မှု၊ အာဟာရချို့တဲ့လာမှုနဲ့ အနာအဆာပေါ်ပေါက်လာမှုတွေကြောင့် တစ်လခန့်တွင် ဆုံးပါးသွားတတ်ကြပါတယ်” လို့ ဝင်္ဂဘော်ဆင်စခန်းမှ တိရစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာဇော်မင်းဦးက ဝင်္ဂဘော်ဆင်စခန်း လူမှုကွန်ရက်ကနေတစ်ဆင့် အများပြည်သူ ဝိုင်းဝန်းချစ်ခင် ကရုဏာသက်နေတဲ့ ဆင်အမွှာလေး ကျော်ပုလဲရဲ့ အခြေအနေကို ရှင်းလင်း ပြောပြအသိပေးခဲ့ပါတယ်။

ဆင်စခန်း တာဝန်ရှိသူ တစ်ဦးက “ကျော်ပုလဲလေး ဒီမနက် ငါးနာရီက ဆုံးပါးသွားပါတယ်။ သူ့အတွက် စခန်းမှာ အုတ်ဂူလေး လုပ်ဖို့လည်း စီစဉ်နေပါတယ်။ မြေတော့မြှုပ်ပြီးသွားပါပြီ။ ရာသီဥတု အခြေအနေကြောင့် ဂူတည်ဆောက်ဖို့ အချိန်စောင့်နေရလို့ပါ” လို့ ပြောပါတယ်။
ဆင်အမွှာဖြစ်တဲ့ ကျော်ပုလဲနဲ့ အစ်မဖြစ်သူ ပုလဲဆင့်တို့ကို အသက် ၂၂ နှစ်အရွယ် မိခင်ဆင်မကြီး ပုလဲစန္ဒာက၂၀၂၄ ဩဂုတ်လ၂၆ ရက်မှာ ဝင်္ဂဘော်ဆင်စခန်းမှာ မွေးဖွားခဲ့တာပါ။ သစ်ထုတ်လုပ်ရေး စခန်းတွေမှာ ဆင်ကလေးအမွှာမွေးခဲ့တဲ့ မှတ်တမ်း မှတ်ရာတွေအရ ဝင်္ဂဘော်ဆင်စခန်းမှာ မွေးဖွားခဲ့တဲ့ ကျော်ပုလဲတို့ မောင်နှမက ၁၉၇၆ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ၁၂ ကြိမ်မြောက် မွှေးဖွားလာတဲ့ ဆင်အမွှာတွေ ဖြစ်ပါတယ်။
