
MT News
၆. ၇. ၂၀၂၅
မုတ်သုန်မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများကြောင့် ဇွန်လ ၂၆ ရက်မှစတင်ပြီး ပါကစ္စတန်နိုင်ငံတစ်ဝှမ်းတွင် အနည်းဆုံး လူ ၆၆ ဦး သေဆုံးကာ ၁၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) က ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။
ရာသီဥတုဆိုးရွားမှုများသည် နိုင်ငံ၏ဒေသအချို့တွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ မုတ်သုန်မိုးနှင့်ဆက်စပ်သော ဖြစ်စဉ်များကြောင့် ပြီးခဲ့သည့်နှစ်ရက်အတွင်း သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦး ရှိကြောင်း အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) က ထပ်မံအတည်ပြုခဲ့သည်။
NDMA ၏ ထုတ်ပြန်ချက်အရ ခိုင်ဘာပတ်ထွန်ခွာပြည်နယ် အနောက်မြောက်ပိုင်းမှာ ထိခိုက်မှုအများဆုံးဖြစ်ပြီး ကလေးငယ် ၁၁ ဦးအပါအဝင် လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ၁၄ ဦးမှာ ပြီးခဲ့သည့်သီတင်းပတ်က Swat Valley ဒေသတွင် ရုတ်တရက်ရေကြီးမှုများကြောင့် ရေထဲမျောပါ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ပန်ဂျပ်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အိမ်များပြိုကျကာ ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့ရသည်။ ဆင်းဒ်ပြည်နယ်တွင် သေဆုံးသူ ၁၅ ဦးရှိခဲ့ပြီး ဘာလိုချီစတန်တွင် ၅ ဦး သေဆုံးခဲ့သည်။ အာဇတ်ဂျမ်မူးနှင့် ကက်ရှ်မီးယားဒေသတွင်လည်း ဒဏ်ရာရရှိသူ သုံးဦးရှိခဲ့ကြောင်း သိရသည်။
ပါကစ္စတန် မိုးလေဝသဌာနက လာမည့် ၄၈ နာရီအတွင်း နိုင်ငံ၏ဒေသများစွာတွင် မုတ်သုန်မိုးထပ်မံရွာသွန်းပြီး မိုးကြိုးမုန်တိုင်းများပါ ကျရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
Ref., Xinhua
