၅. ၇. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့၊ ပထုန်ရဲတပ်ဖွဲ့သည် ပထုန်ကမ်းခြေတစ်လျှောက် သန်းခေါင်ကျော်အချိန် နံနက်အစောပိုင်းတွင် ခရီးသွားများထံမှ တန်ဖိုးကြီးလက်ကိုင်အိတ်ကို လုယူခဲ့သည်ဟု စွပ်စွဲခံထားရသော မြန်မာနိုင်ငံသား သံသယရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးမှုမှာ ယမန်နေ့ ဇူလိုင် ၄ ရက်နေ့တွင် ဖူးခတ်မြို့၊ ထလန်ခရိုင်၊ ဆွိုင်ပရွမ်ဖရိုင်းရှိ အမှတ် ၁၂၂/၄ နေရာသို့ ရဲအရာရှိများ ဝင်ရောက်စီးနင်းခဲ့စဥ်ကဖြစ်ပြီး ပထုန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချလမ်ချိုင်း ဟီရာဆာဝပ်၏ ညွှန်ကြားမှုဖြင့် စုံစမ်းစစ်ဆေးရေးမှူး ဒုတိယရဲမှူးကြီး စုချာ့တ်ချမ်ဖူဆန်နှင့် စုံစမ်းစစ်ဆေးရေးမှူး ရဲမှူး ဆာရန် ချိုင်ဝပ်တို့ ဦးဆောင်ကာ ၎င်းတို့၏ ထောက်လှမ်းရေးအဖွဲ့နှင့်အတူ စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ဆင်ရေးအတွင်း ရဲအရာရှိများသည် မြန်မာနိုင်ငံမှ ကိုဦးနှင့် စောလင်းဟု အမည်ဖော်ပြထားသော သံသယရှိသူများကို ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့သည် အမှု၏ဗဟိုဖြစ်သော အနက်ရောင် Prada လက်ကိုင်အိတ်၊ လုယက်ခံရသူ၏ မှတ်ပုံတင်ကတ်၊ ကားနှင့်ဆိုင်ကယ် မောင်းနှင်ခွင့်လိုင်စင်များနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည်ဟု စွပ်စွဲခံထားရသော အဖြူရောင် Honda PCX မော်တော်ဆိုင်ကယ် အပါအဝင် အရေးပါသော သက်သေခံပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။
လုယက်ခိုးယူမှုဖြစ်စဉ်သည် ဇွန်လ ၂၆ ရက်ကူးစ နံနက် ၁ နာရီ ၁၀ မိနစ်ခန့်က သားကောင်နှင့် သူငယ်ချင်းနှစ်ဦး ပထုန်ကမ်းခြေတွင် အပန်းဖြေနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့အစီရင်ခံစာအရ အဆိုပါအဖွဲ့သည် ၎င်းတို့၏ ပစ္စည်းများကို သဲသောင်ပြင်ပေါ်တွင် ဘေးချင်းကပ်ချထားခဲ့သည်ဟု သိရသည်။
ထိုစဥ် “လူတစ်ဦး ရုတ်တရက်ပေါ်လာပြီး သားကောင်ရဲ့ ကိုယ်ရေးကိုယ်တာပစ္စည်းတွေပါတဲ့ အနက်ရောင် Prada လက်ကိုင်အိတ်ကို ဆွဲယူသွားခဲ့ပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သလို “အဲဒီနောက် သူက အဖော်ဖြစ်သူ ထွက်ပြေးဖို့ အသင့်စောင့်နေတဲ့ ဆိုင်ကယ်ဆီကို ပြေးသွားခဲ့တာပါ” ဟု ပြောကြားခဲ့သည်။
သံသယရှိသူများသည် တန်ဖိုးကြီးအိတ်ကို လုယက်ပြီးသည်နှင့်တစ်ပြိုင်တည်း ဆိုင်ကယ်စီးကာ ညအမှောင်ထုထဲ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသွားခဲ့ကာ လုယက်ခံရသူကို တုန်လှုပ်ခြောက်ခြားစေမှုနှင့် တန်ဖိုးကြီးပစ္စည်းများ ဆုံးရှုံးစေခဲ့သည်။
ပထုန်ရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးမှုကို ချက်ချင်းစတင်ခဲ့ပြီး ရဲအရာရှိများသည် ဧရိယာတစ်ဝိုက်ရှိ CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးခဲ့ကာ သံသယရှိသူများ၏ လှုပ်ရှားမှုများကို ထလန်ခရိုင်အထိ ခြေရာခံခဲ့သည်။ ထို လုယက်မှုသည် ထိုင်းနိုင်ငံ၊ ဖူးခတ်ရောက် ခရီးသွားဧည့်သည်များကို အံ့အားသင့်စေခဲ့သည့် တန်ဖိုးကြီး Prada အိတ်ကို လုယက်သွားသည့် ညည့်နက်ပိုင်း ရဲရဲတင်းတင်း လုယက်မှုတစ်ခုဖြစ်သော်လည်း တရားခံများကို ခြေရာခံမိရန် ရဲတပ်ဖွဲ့အတွက် အချိန်များစွာ မယူခဲ့ရပေ။
ရက်အနည်းငယ် စေ့စေ့စပ်စပ် ခြေရာခံပြီးနောက် ရဲတပ်ဖွဲ့သည် ခိုးယူသူ မြန်မာနှစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး ယမန်နေ့က ဖမ်းဆီးနိုင်ခဲ့သည်။ သံသယရှိသူများကို စစ်ဆေးမေးမြန်းရန်နှင့် တရားဝင်တရားစွဲဆိုမှုများအတွက် ပထုန်ရဲစခန်းသို့ လျင်မြန်စွာ ပို့ဆောင်ခဲ့ကြောင်း The Phuket News က ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေးယူနစ်၏ လျင်မြန်သော လုပ်ဆောင်မှုကို ချီးကျူးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် နည်းပညာသည် ဖမ်းဆီးမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း မှတ်သားခဲ့သည်။
သံသယရှိသူများသည် ခိုးမှုနှင့်ပတ်သက်သည့် စွဲချက်များကို ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုင်းဥပဒေအရ နောက်ထပ်ပြစ်ဒဏ်များလည်း ချမှတ်ခံရနိုင်သည်။
ဖူးခတ်၏ နာမည်ကြီးကမ်းခြေများတွင် အပန်းဖြေနေစဉ် အထူးသဖြင့် ညနက်ပိုင်းတွင် သတိရှိကြရန်နှင့် ကိုယ်ပိုင်ပစ္စည်းများကို လုံခြုံစွာထားရှိကြရန်လည်း ရဲတပ်ဖွဲ့က ပြည်သူလူထုကို သတိပေးခဲ့သည်။
Ref, The Thaiger








