
MT News
၅. ၇. ၂၀၂၅
ကမ္ဘောဒီးယားနှင့် ဂျပန်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် QR Code ဖြင့် ငွေပေးချေမှုစနစ် ချိတ်ဆက်မှု ပထမအဆင့်ကို သောကြာနေ့က စတင်လိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားအမျိုးသားဘဏ် (NBC) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NBC ၏ ဘဏ်ဥက္ကဋ္ဌ ချားဆယ်ရီသည် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ကျင်းပသော ဖွင့်ပွဲအခမ်းအနားကို သဘာပတိအဖြစ် တက်ရောက်ခဲ့သည်။
“ဤတရားဝင်စတင်ခြင်းသည် ကမ္ဘောဒီးယားနိုင်ငံသားများအား ဂျပန်နိုင်ငံရှိ JPQR Code များကို Bakong App သို့မဟုတ် မိုဘိုင်းဘဏ်လုပ်ငန်း App များကို အသုံးပြု၍ စကန်ဖတ်ခြင်းဖြင့် ထိရောက်သော၊ အဆင်ပြေသော၊ ချောမွေ့သော နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုကို တွေ့ကြုံခံစားနိုင်စေမည်ဖြစ်သည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အဆိုပါ ပဏာမခြေလှမ်းသည် နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်များအတွက် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ ထူထောင်ရာတွင် ကမ္ဘောဒီးယား၏ တိုးတက်မှုကို အလေးပေးဖော်ပြပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်တိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဟုလည်း ဖြည့်စွက်ဖော်ပြထားသည်။
မကြာမီကာလတွင် စတင်မည့် ဒုတိယအဆင့်၌ ဂျပန်အသုံးပြုသူများသည် KHQR ကို စကန်ဖတ်ခြင်းဖြင့် ကမ္ဘောဒီးယားတွင် ငွေပေးချေနိုင်မည်ဖြစ်သည်။
Ref, Xinhua