
၅. ၇. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသောဒေသများတွင် ပျက်စီးဆုံးရှုံးမှုနှင့် လိုအပ်ချက် ဆန်းစစ်လေ့လာမှုများကို စာရင်းကောက်ယူပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် ငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီး တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့ပေးမှု လုပ်ငန်းများကို ဆောင်ရွက်ပြီးသည်နှင့် ပျက်စီးဆုံးရှုံးမှုနှင့် လိုအပ်ချက် ဆန်းစစ်လေ့လာမှုများကို ဆောင်ရွက်၍ ရရှိလာသည့် လေ့လာတွေ့ရှိချက်များကို အခြေခံကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်ကို ရေးဆွဲဆောင်ရွက်လေ့ရှိကြကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အဆိုပါလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လက်ရှိတွင် ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီက ပျက်စီးဆုံးရှုံးမှုများကို စာရင်းကောက်ယူပြုစုပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက်ကို မူလအခြေအနေထက် ပိုမိုကောင်းမွန်ပြီး အနာဂတ်ဘေးအန္တရာယ်များအတွက်ပါ ကြံ့ကြံ့ခံနိုင်သည့် လူ့အသိုက်အဝန်း ဖြစ်လာစေရေး ဦးတည်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာစံနှုန်းများ၊ ပြည်တွင်း လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်သော ပြန်လည်ထူထောင်ရေး စီမံချက်ဖြစ်စေရေး ရေးဆွဲဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာကဏ္ဍ အလိုက် လက်တွေ့ကျပြီး လိုအပ်မှုနှင့်ကိုက်ညီကာ အမှန်တကယ် အကောင်အထည် ဖော် ဆောင်ရွက်နိုင်မည့် စီမံချက်တစ်ရပ်ပေါ်ပေါက်စေရေး ဘက်စုံထောင့်စုံက စဉ်းစားကာ ရေးဆွဲပြုစုကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။