
၅.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ကား ခရိုင်(Kerr County)အတွင်းမှာ ရာသီဥတုအခြေ အနေဆိုးရွားမှုကြောင့် ကြီးမားစွာရေလွှမ်းမိုးမှု ဖြစ်နေရတာကြောင့် သေဆုံးသူ အနည်းဆုံး ၁၃ ဦးရှိသွားပြီလို့ သိရပါတယ်။
ရေလွှမ်းမိုးမှုအတွင်းမှာ ဒေသခံပြည်သူတွေလည်း ပျောက်ဆုံးလျက်ရှိတာမှာ ကလေးငယ် ၂၀ ဦးခန့်ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ဇူလိုင်လ ၄ ရက်မှာ ပြောခဲ့ကြပါတယ်။ ရေအမြင့်က ၄၅ မိနစ်အတွင်းမှာ ၂၆ ပေ အထိမြင့်တက်လာခဲ့တာမှာ ပစ္စည်းဥစ္စာတွေနဲ့ လူတွေပါသေကြေပျက်စီးခဲ့ရတဲ့ ဆိုးရွားလှတဲ့ရေလွှမ်းမိုးမှုဖြစ်တယ်လို့လည်း ပြောခဲ့ကြပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေရဲ့ မိန်းကလေးတွေအတွက် ပြည်နယ်အတွင်း နွေရာသီစခန်းတစ်ခုဖြစ်တ့ဲ Hunt မြို့မှာရှိတဲ့ All-girls Camp Mystic မှာဆိုရင် တက်ရောက်နေတဲ့ ကလေးငယ် ၇၅၀ ခန့်ဟာ ဆိုးရွားလှတဲ့ရေလွှမ်းမိုးမှုခံရပြီး အနည်းဆုံး ၂၀ ဦးပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ဇူလိုင်လ ၄ ရက်က ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ပြောခဲ့ကြပါတယ်။
ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအတွက် ဒေသအာဏာပိုင်တွေမှာ ကိရိယာပစ္စည်းအလုံအလောက်မရှိလို့ ပုဂ္ဂလိက ရဟတ်ယာဉ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေကိုလည်း အကူအညီတောင်းထားရတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၄ ရက်မှာတော့ ရှာဖွေကယ်ဆယ်ရေးကို ရဟတ်ယာဉ် ၁၄ စီး၊ မောင်းသူမဲ့လေယာဉ် ၁၂ စီး၊ ကယ်ဆယ်ရေးအဖွဲ့ ကိုးဖွဲ့၊ ရေကူးသမားတွေနဲ့အတူ ဆောင်ရွက်နေပြီး ကုန်းပေါ်မှာ လည်း လူ ၄၀၀ မှ ၅၀၀ အထိ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသစံတော်ချိန် ဇူလိုင်လ ၄ ရက် တစ်ညလုံး ဆက်လက်လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့ပါတယ်။ ဇူလိုင်လ ၄ ရက် အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ကစလို့ အခုအပတ်ကုန်ရက်တွေမှာ ပြည်နယ်အတွင်းက နွေရာသီစခန်းတွေအတွင်း လာရောက်သူကလေးငယ်တွေ ထောင်နဲ့ချီရှိနေကြတဲ့အချိန်မှာ ခုလို ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရတာလည်း ဖြစ်ပါတယ်။
Ref- BBC