
၄.၇.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်တွင် အသက် ၁၄ နှစ်အရွယ် မြန်မာမိန်းကလေးငယ်အား ဖခင်ဖြစ်သူ၏အပေါင်းအသင်း မြန်မာ အမျိုးသားတစ်ဦးကဖြားယောင်းသွေးဆောင်၍ အလိုမတူဘဲ အဓမ္မပြုကျင့်မှု ဇွန်လ ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပါကူညီနေသူက MT News ကို ပြောသည်။
အဆိုပါ မြန်မာအမျိုးသမီးငယ်က နေအိမ်အနီးရှိ ဈေးဆိုင်သို့ ဈေးထွက်ဝယ်စဉ် ဖခင်နှင့် သိကျွမ်းသည့် အသက် ၃၇ နှစ်အရွယ် အိမ်ထောင်ရှင် မြန်မာအမျိုးသားတစ်ဦးက ဖြားယောင်းခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိဘများက သမီးဖြစ်သူ အိမ်ပြန်မလာသည့်အတွက် စိတ်ပူ၍ စုံစမ်းရှာဖွေခဲ့ရာ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်တွင် ကျူးလွန်သူ အမျိုးသား၏ မိတ်ဆွေတစ်ဦးထံမှ ခေါ်ဆောင်သွားသည့်နေရာကို သိရသည့်အတွက် သွားရောက် ခေါ်ဆောင်ခဲ့ကြကြောင်း သိရသည်။
မိန်းကလေးငယ်အား သက်ငယ်မုဒိမ်းမှု ပြစ်မှုကျူးလွန်ထားသူမှာ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ရှာဖွေနေကြောင်း သိရသည်။
“အခုက ကျူးလွန်ခံရတဲ့ ကလေးမလေးရဲ့ မိဘတွေက ကျူးလွန်သူကို ဥပဒေအရ အရေးယူအပြစ်ပေးနိုင်ဖို့ နဲ့ နစ်နာတဲ့ မိန်းကလေးငယ်ရဲ့တရားမျှတမှုအတွက် အကူအညီ တောင်းခံခဲ့တာကြောင့် ကျူးလွန်သူကို အမြန်ဆုံး ဖမ်းမိနိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်”ဟု ယင်းလိုက်ပါ ကူညီနေသူက MT News ကို ပြောသည်။