
MT News
၄.၇.၂၀၂၅
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ၊ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာတွင် နှစ်ရက်ဆက်တိုက် မိကျောင်းဆွဲခံရသဖြင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဥ်များမှာ ဇူလိုင်လ ၂ ရက် ညနေပိုင်းက တံတားအနီး ရေချိုးနေသော အသက် ၃၂ နှစ်အရွယ် ကိုသန့်ဇော် မိကျောင်းဆွဲခံရ၍ သေဆုံးခဲ့ပြီး ရုပ်အလောင်းပြန်ရခဲ့သော်လည်း ဇူလိုင်လ ၃ ရက်နေ့က ချောင်းအတွင်းရေဆင်းချိုးနေသော အသက် ၁၆ နှစ်အရွယ် ကိုဇော်ဇော်အောင်မှာ မိကျောင်း ထပ်အဆွဲခံရ၍ သေဆုံးကာ ရုပ်အလောင်းပင်ပြန်မတွေ့သေးကြောင်း သိရသည်။

MT News
“နှစ်ရက်ဆက်တိုက် မိကျောင်းဆွဲခံရပြီး သေဆုံးမှုတွေရှိလို့ ရွာက လူတွေလည်း မိကျောင်းအန္တရာယ်ကို ကြောက်နေကြတယ်။ ဒီရာသီက သူတို့ (မိကျောင်း)မြူးတဲ့ရာသီဆိုတော့ ပိုသတိထားရမယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူနှစ်ဦးမှာ ချောင်းဗြဲကြီးကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး ရေဆင်းချိုးစဥ် မိကျောင်းဆွဲခံရခြင်းဖြစ်ကြောင်း သိရသည်။
ချောင်းဗြဲကြီးကျေးရွာအုပ်စုမှာ မိကျောင်းများရှိရာ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဧရိယာနှင့် နီးစပ်သဖြင့် မိကျောင်းအန္တရာယ်နှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျေးရွာနေပြည်သူများ ရေထဲမဆင်းရန်၊ရေဆင်းမချိုးကြရန် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးဆော်သြထားကြောင်း သိရသည်။