
၄. ၇. ၂၀၂၅
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် အမျိုးသားတစ်ဦးကို လူသတ်ကာ ဆိုင်ကယ်လုယက်မှုကျုးလွန်သူ နှစ်ဦးကို ၂၄ နာရီအတွင်း ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၂ ရက်နေ့ ည ၉ နာရီခန့်က ဆန်ဆိုင်း(က)ရပ်ကွက်၊ လားဟူဈေးအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မိတ်ဆွေနှစ်ဦးနှင့်အတူ သွားရောက်စားသောက်ခဲ့သော ကိုစိုင်းနေထွေးမှာ အခြားသိကျွမ်းသူ အမျိုးသားနှစ်ဦးကို လိုက်လံပို့ဆောင်ရန် မိတ်ဆွေတစ်ဦး၏ဆိုင်ကယ်ကို ငှားရမ်းပြီး ထွက်ခွာသွားရာမှ လိုက်အပို့ခံရသူတို့က ဆိုင်ကယ်လုရန် ဓားဖြင့်ထိုး အသတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
ဓားထိုးအသတ်ခံရသူ ကိုစိုင်းနေထွေးမှာ ညာဘက်လက်မောင်းရင်းနှင့် ညာလည်ပင်းအောက် ညှပ်ရိုးကြားတွကိ ထိုးသွင်းဒဏ်ရာ တစ်ချက်စီဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်နဲ့ လိုက်ပို့တဲ့သူကို လူသတ်ပြီး ဆိုင်ကယ်လုသွားတာ။ ကျုးလွန်သူနှစ်ယောက်က လူငယ်ပိုင်းတွေပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
လူသတ်မှုကျုးလွန်ကာ ထွက်ပြေးခဲ့သော အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာ အသက်၂၀ အရွယ် စိုင်းဆိုင်ခမ်း(ခ)ပီခမ်းနှင့် အသက် ၂၂ နှစ်အရွယ် အာကာထက်ဝေယံ(ခ) အာကာတို့ကို ဇူလိုင် ၃ ရက်ည ၁၁ နာရီကျော်က ဖမ်းမိခဲ့ကြောင်း သိရသည်။
ကျုးလွန်သူနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဟောင်လိတ်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။