
၄.၇.၂၀၂၅
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်တို့ ဇူလိုင်လ ၃ ရက်က ဖုန်းနဲ့စကားပြောခဲ့ကြရာမှာ ပူတင်က ရုရှားအစိုးရအနေနဲ့ ယူကရိန်းနဲ့စစ်ပွဲမှာ သူ့ရဲ့ ရည်မှန်းချက် တွေကို အားထုတ်ရရှိလိမ့်မယ်လို့ ပြောခဲ့တယ်လို့ ရုရှားသမ္မတလက်ထောက် ယူရီ ယူရှာကော့ဗ်က ပြောခဲ့ပါတယ်။ ဒီရည်မှန်းချက်တွေမှာ စစ်ပွဲဖြစ်ပွားရတာရဲ့ အခြေခံအကြောင်းရင်းတွေကို ဖယ်ရှားရေးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ယူရှာကော့ဗ်က “ကျွန်တော်တို့သမ္မတက စစ်ပွဲအတွင်းမှာ ရုရှားနိုင်ငံက ရည်မှန်းထားတဲ့အချက်တွေ ရလိမ့်မယ်လို့ ပြောခဲ့တယ်။ ဒီမှာ အခုအခြေအနေကို ဦးတည်စေတဲ့၊ အခုလိုပြင်းထန်တဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ဖြစ်စေတဲ့၊ လူသိများလှတဲ့ အခြေခံအကြောင်းရင်းအချက်တွေကို အဆုံးသတ်ဖယ်ရှားရေးပါဝင်ပါတယ်။ ရုရှားအနေနဲ့ ဒီရည်မှန်းချက်တွေရဖို့ လုံးဝ လက်လျှော့မှာမဟုတ်ပါဘူး” လို့ ပြောကြားသွားပါ တယ်။
ဒါ့ပြင် ယူရှာကော့ဗ်က “ရုရှားအနေနဲ့ ယူကရိန်းနဲ့ တတိယမြောက် ညှိနှိုင်းဆွေးနွေးပွဲလုပ်ဖို့လည်း အ ဆင်သင့်ရှိပါတယ်။ သမ္မတ ပူတင်နဲ့ ထရန့်တို့အနေနဲ့ ပြုလုပ်နိုင်ဖွယ်ရှိတဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ဘာတွေဆွေးနွေးဖို့ သတ်မှတ်ထားလည်းဆိုတာ မပြောခဲ့ကြပါဘူး” လို့လည်း ပြောခဲ့ပါတယ်။
သူက သမ္မတနှစ်ဦးဖုန်းပြောတုံးမှာ အီရန်နဲ့ အရှေ့အလယ်ပိုင်းအရေး၊ ဆီးရီးယားအရေးတို့ကို ဆွေးနွေး ခဲ့ကြတယ်လိုလည်း ပြောခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းအရေးနဲ့ပတ်သက်လို့ သမ္မတပူတင် က အငြင်းပွားမှုတွေအားလုံးကို ဖြေရှင်းမှုရဲ့ အရေးကြီးပုံ၊ သဘောမတူညီမှုတွေနဲ့ ပဋိပက္ခအခြေအနေတွေကို နိုင်ငံရေးနဲ့ သံတမန်ရေးနည်းလမ်းတွေနဲ့ သီးသန့်ဖြေရှင်းဖို့တွေကို အလေးထားပြောခဲ့တယ်လို့လည်း သိရပါတယ်။ ပြဿနာမှာပါဝင်တဲ့ဘက်တွေအားလုံးက နိုင်ငံခြားရေးဝန်ကြီးများအဆင့်၊ကာကွယ်ရေးဝန်ကြီးများအဆင့်၊ သမ္မတလက်ထောက် အဆင့်တို့နဲ့ ဒီပြဿနာမှာ ဆက်သွယ်မှုကို ထိန်းသိမ်းသွားကြဖို့လည်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
ပူတင်နဲ့ထရန့်တို့က စွမ်းအင်ကဏ္ဍနဲ့ အာကာသသုတေသနကဏ္ဍတို့အပါအဝင် စီးပွားရေးစီမံကိန်း တွေကို ရုရှားနဲ့ အမေရိကန်တို့အကြား အပြန်အလှန်အကျိုးရှိရေးအတွက် ရည်မှန်း အကောင်အထည်ဖော်သွားကြဖို့ အတည်ပြုခဲ့ကြတယ်လို့လည်း ယူရှာကော့ဗ် က ပြောခဲ့ပါတယ်။
နှစ်ဖက်အကျိုးတူကိစ္စရပ်တွေမှာ ထင်မြင်ယူဆချက်တွေဖလှယ်ရေးမူဘောင်အတွင်းကနေပြီးတော့ နှစ် ဘက်စလုံးက အလားအလာကောင်းတဲ့စီးပွားရေးစီမံကိန်းတွေကို အပြန်အလှန်အကျိုးအတွက် ဆောင် ရွက်သွားကြမယ်ဆိုတာ သမ္မတနှစ်ယောက်က သဘောတူခဲ့ကြပြီး အဓိက ကတော့ စွမ်းအင်နဲ့ အာ ကာသသုတေသန နယ်ပယ်မှာဖြစ်တယ်လို့လည်း ယူရှာကော့ဗ်က ထပ်ဆင့်ပြောခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ သမ္မတနှစ်ဦးက သူတို့အကြား ဆက်သွယ်မှုကို ဆက်လက်ဆောင်ရွက်သွားဖို့လည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
Ref- Xinhua