
၄. ၇. ၂၀၂၅
Translated by Thettant
ကမ္ဘာလှည့်ခရီးသွားများ များပြားစွာ ဝင်ရောက်လေ့ရှိသည့် ထိုင်းနိုင်ငံ၊ ပတ္တရားရှိ ဘားဝန်ထမ်းများသည် တရုတ်ခရီးသွားများ ကျဆင်းခြင်းကြောင့် ခက်ခဲနေပြီး ဘားပိုင်ရှင်များလည်း ငွေတောင်းခံလွှာများ တပုံတပင် ရရှိနေချိန် ယခုသီတင်းပတ်အတွင်း ခေါက်ဆွဲများနှင့် အခြေခံစားသောက်ကုန်များ ရရှိကာ နှစ်သိမ့်မှုအချို့ကို ခံစားခဲ့ရသည်။
ထိုင်းနိုင်ငံ၏ နာမည်ကျော်ကမ်းခြေမြို့ပတ္တရား၏ ညခင်းအပန်းဖြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Lisa Hamilton သည် ဇူလိုင် ၃ ရက်နေ့က Walking Street တွင် ပရဟိတလှုပ်ရှားမှုတစ်ခုကို ဦးဆောင်ခဲ့ပြီး ဘားဝန်ထမ်းများအား အသင့်စားအစားအသောက်များ၊ ကြက်ဥများ၊ အသင့်စားခေါက်ဆွဲများနှင့် လတ်ဆတ်စွာ ချက်ပြုတ်ထားသော စွပ်ပြုတ်များကို လူဦးရေ ၂၀၀ ကျော်စာ လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းမှုသည် နိုင်ငံခြားသားခရီးသွားများ၊ အထူးသဖြင့် တရုတ်ခရီးသွားများ သိသိသာသာ လျော့ကျသွားမှုကြောင့် အခက်အခဲကြုံနေရသော စားပွဲထိုးများ၊ သန့်ရှင်းရေးသမားများ၊ လုံခြုံရေးဝန်ထမ်းများနှင့် အခြားဝန်ထမ်းများကို ရည်ရွယ်ခဲ့သလို ခရီးသွားရာသီနှေးကွေးချိန်တွင် လုပ်သားတို့၏ အရေအတွက်သည်လည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။
“ဒါဟာ ပတ္တရားရဲ့ ညဘက်ဖျော်ဖြေရေးကို ဆက်လက်ရှင်သန်စေတဲ့သူတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ပါ” ဟု Hamilton က ပြောကြားခဲ့သလို”သူတို့ထဲက အများစုဟာ အိမ်ငှားခနဲ့ မိသားစုကို ကျွေးမွေးဖို့ ရုန်းကန်နေရပါတယ်။ ကျွန်မတို့ တစ်ခုခုတော့ လုပ်ရမယ်။”ဟု ဆက်လက်ပြောကြားခဲ့သည်။

Hamilton နှင့် ဒေသခံဘားနှင့် ကလပ်ပိုင်ရှင်များက အစားအသောက်များ ဝေငှရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်ငွေများကို ထည့်ဝင်လှူဒါန်းခဲ့သည်။ သို့သော်လည်း လုပ်ငန်းရှင်အသိုင်းအဝိုင်း၏ ကြိုးပမ်းအားထုတ်မှုများက မြို့၏ ထင်ရှားကျော်ကြားသော ခရီးသွားများ စိုးရိမ်ရသည့် အနီရောင်ဆင့်ပြိုလဲခြင်းမှ ကယ်တင်ရန် မလုံလောက်ကြောင်း ၎င်းက သတိပေးခဲ့သည်။
“အစိုးရဆီက အရေးပေါ် အရေးယူဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ ဥရောပ၊ အမေရိကန်၊ အရှေ့အလယ်ပိုင်းနဲ့ အထူးသဖြင့် တရုတ်နိုင်ငံကနေ လာရောက်လည်ပတ်သူတွေ ကျဆင်းသွားတာက ကျွန်မတို့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။ ပတ္တရားရဲ့ စီးပွားရေးက ခရီးသွားလုပ်ငန်းပေါ်မှာ မူတည်နေပြီး အခုတော့ အသက်ရှူကိရိယာတပ်ထားရသလို အကျပ်အတည်း ဖြစ်နေပါတယ်။”ဟု ဆက်လက်ပြောခဲ့သည်။
အစိုးရ၏ တုံ့ပြန်မှုအနေဖြင့် အစိုးရကတစ်ဝက်မျှခံမည့် Thai Half-Half Travel programme ခရီးသွားအစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ပြည်တွင်းခရီးသွားများကို ဟိုတယ်နှင့် အစားအသောက်များအတွက် တစ်ညလျှင် ဘတ် ၃,၀၀၀ အထိ ထောက်ပံ့ကြေးပေးခဲ့သည်။ ဇူလိုင် ၁ ရက်နေ့က စတင်၍ ကြိုတင်ဘွတ်ကင်များ စတင်နိုင်ခဲ့သော အဆိုပါအစီအစဉ်ကို ယနေ့ ဇူလိုင် ၄ ရက်နေ့တွင် တရားဝင် စတင်လိုက်ပြီဖြစ်သည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ဒုတိယအကြီးအကဲ Sasikan Watthanajan က ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) မှ စီမံခန့်ခွဲသည့် ဤပဏာမခြေလှမ်းသည် ပတ္တရားကဲ့သို့သော ခရီးသွားနေရာများသို့ အသက်သွင်းရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။
သတ်မှတ်အရည်အချင်းပြည့်မီသော ပြည်တွင်းခရီးသွားများသည် တစ်ဝက်မျှခံခရီးသွားခွင့်အစီအစဉ်မှ ဘတ် ၅၀၀,၀၀၀ အထိ ရယူနိုင်ပြီး ထိုရယူမှုအရ လျှော့စျေးဖြင့် ညငါးညအထိ အသုံးပြုနိုင်ကာ အဓိကနေရာများတွင် သုံးညနှင့် မြို့ငယ်လေးများတွင် နှစ်ညသုံးစွဲရမည်ဖြစ်သည်။
သို့သော်လည်း ညဘက်ဖျော်ဖြေရေးလုပ်ငန်းမှ ဝန်ထမ်းများစွာသည် ခရီးသွားလုပ်ငန်းပြန်လည်မြင့်တက်ရန် သံသယများ ဆက်လက်ရှိနေသည်။
“ဒါက ကောင်းတဲ့စေတနာပါ” ဟု Walking Street မှ ဘားတင်ဒါတစ်ဦးက ဆိုခဲ့သော်လည်း “ဒါပေမဲ့ ကျွန်တော်တို့ လိုအပ်တာက ခေါက်ဆွဲချည်းပဲ မဟုတ်ပါဘူး၊ ခရီးသွားတွေ ပြန်လာဖို့ပါ။”ဟု ပြောခဲ့သည်။
Ref , The Thaiger
