
၄. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံ၏သစ်တောဖုံးလွှမ်းမှု တိုးပွားလာစေရန်၊ တောရိုင်းတိရစ္ဆာန်နှင့် ထင်ရှားသည့် ဘူမိရူပ ထူးခြားသည့်နေရာများကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ၊ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ် ဖွဲ့စည်းသွားရန် ရည်မှန်းချက်ဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ ယနေ့ ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲတွင် ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလအတွင်း ယနေ့အထိ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၆၁ ခု၊ ဧရိယာဧက ၆၆၀,၀၀၀ ကျော်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၆ ခု၊ ဧရိယာဧက ၆၁၀,၀၀၀ ကျော်ကို ဖွဲ့စည်းပေးနိုင်ခဲ့ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခုအချိန်ထိ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော ၁,၃၂၄ ခု၊ နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၉၄ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်း ဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်သဖြင့် ရည်မှန်းချက်ပြည့်မီအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် ၂၀၂၅ ခုနှစ်အတွက် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရာသီအလိုက် ရောင်စုံပန်းများဖူးပွင့်သည့် သစ်မျိုး ၁၈ မျိုး၊ သစ်ပင်ပေါင်း ၃,၀၀၀ ကို စိုက်ပျိုးခဲ့ကြောင်း၊ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်ကလည်း ရန်အောင်မြင်ကြိုးဝိုင်းအတွင်း၌ ပထမအကြိမ်အဖြစ် သစ်မျိုး ၁၆ မျိုး၊ သစ်ပင်ပေါင်း ၃,၀၀၀ ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
