
၄.၇.၂၀၂၅
Written by Thiri
နေပြည်တော် လယ်ဝေးမြို့နယ်အပိုင် အမြန်လမ်းဘေးက စပါးစိုက်ခင်း ဧက ၁၀၀ ကျော် ရေနစ်မြုပ်နေတာ ကြာပြီဖြစ်တဲ့အတွက် တောင်သူတွေအဖို့ သိန်း ခုနစ်ရာ နီးပါး ဆုံးရှုံးမှု ကြုံတွေ့ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ တောင်သူတချို့ထံကနေ သိရပါတယ်။
ရေနစ်မြုပ်နေတဲ့ လယ်တွေက လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၈/၅ ကနေ ၁၉၉/၂ အထိ ဧက တစ်ရာကျော်ရှိတယ်လို့ သိရှိရပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ညမှာ ရေစတင် ဝင်ရောက်လာခဲ့တာမို့ အခုဆိုရင် ငါးရက်နီးပါး ရေနစ်မြုပ်နေခဲ့တာ ဖြစ်ပါတယ်။

တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးသက်ဇော်က “အဲ့ဒီ စပါးခင်းတွေက ပျက်ဖို့ များသွားပြီ။ ဖြစ်ဖြစ်ချင်း အချိန်မီ ရေထုတ်နိုင်ရင်တော့ မပျက်ဖို့ ရာခိုင်နှုန်းများပေမယ့် အခုက ငါးရက်ပြည့် တော့မယ်လေ။ ရေနစ်နေတာက။ စိုက်ထားတာကလည်း တစ်လသားပျိုးတွေ။ အပင်တက်ခါစ ရေက နစ်နေတာမို့ အမြစ်မခိုင်သေးဘူး။ ရေအမြန်ထုတ်ချင်တာက နောက်ထပ် ပြန်ကြဲလို့ အချိန်မီနိုင်သေးတာကြောင့်ပေါ့” လို့ MT News ကို ပြောပါတယ်။
အမြန်လမ်းဘေးမှာ ကုန်ထုတ်လမ်း (ခေါ်) ချဉ်းကပ်လမ်းဘေးရဲ့ အနောက်ဘက်မှာ ရေထုတ်ပြွန်ကြီး သုံးပေါက်ရှိပြီး အလယ်ပေါက်ကတော့ ရေစီးဆင်းမှုရှိဆဲဖြစ်ကာ အစွန်နှစ်ပေါက်က ရေထွက်လို့မရတော့တဲ့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာနဲ့ ချိတ်ဆက်ကာ ပြန်ဖော်ဖို့ ဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။
လယ်ဝေးမြို့နယ် ဒေသခံတောင်သူတစ်ဦးက “ကျွန်တော်တို့လည်း သက်ဆိုင်ရာ လမ်းဦးစီးအရာရှိကို ချိတ်ဆက်ပြောပြတော့ ဦးစီးအရာရှိက ချက်ချင်းပဲ လာရောက်စစ်ဆေးတယ်။ နိုင်သလောက်ဆောင်ရွက်ပေးမယ် ပြောသွားတယ်။ နောက်ရက်လည်း ထပ်လာပြီး တောင်သူတွေနဲ့လည်း တွေ့ဆုံရှင်းပြသွားတယ်။ လမ်းဦးစီးနဲ့ ဆိုင်တာလည်း ရှိသလို အမြန်လမ်းတည်ဆောက်ရေးနဲ့ ဆိုင်တာလည်းရှိတယ်။တည်ဆောက်ရေး(၅) ကိုလည်း သွားရောက်ညှိနှိုင်းတဲ့အခါ တည်ဆောက်ရေး(၅)ကလည်း လမ်းရဲ့ ခံနိုင်ဝန်တွေ ဘာတွေ မေးတာပေါ့။ တန် ၂၀ ၊ ၂၅ တန် ဘက်ခ်ဟိုး ဝင်ဖို့အတွက်။ လမ်းဘေးကရေမြောင်း ဘက်ခ်ဟိုးနဲ့ ကုတ်ဖို့ပေါ့။ လမ်းကလည်း ခံနိုင်ရည်ရှိတယ်။ ဒါလည်း အခုထိတော့ မလာသေးဘူး။ ကြန့်ကြာနေတာပေါ့။ လုပ်ပေးဖို့ကတော့ ကတိပေးသွားကြပြီးပါပြီ”လို့ MT News ကို ပြောပါတယ်။
