
၄. ၇. ၂၀၂၅
Written by Nyein Kyaw
ဒုတိယအကြိမ် တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ဇူလိုင် ၄ ရက် (ယနေ့) နံနက် ၉ နာရီမှ နေ့လယ် ၁၁ နာရီခွဲအထိ နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု တိုက်ဖျက်ရေးတို့ကို သက်ဆိုင်ရာပြည်တွင်း ဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi ဦးဆောင်သော အဆင့်မြင့်အရာရှိကြီးများ၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် Mr. Dusit Manapan ဦးဆောင်သော အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တရုတ်-မြန်မာ-ထိုင်းနိုင်ငံတို့အကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှု(Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) တိုက်ဖျက်ရေးကိစ္စရပ်များကို သက်ဆိုင်ရာပြည်တွင်း ဥပဒေများနှင့်အညီ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
