◾️ Regulating Course Mix Design နည်းပညာဖြင့် လမ်းလွှာခင်းခြင်းကြောင့် ၂ လက်မထု၊ ၁၂ ပေ အကျယ် တစ်မိုင်ခင်းတိုင်း ဘိလပ်မြေ ၃၆၈ အိတ်နှင့် ကတ္တရာ ၃၃ ပီပါ သက်သာစေမည်

၄. ၇. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ရာဇဌာနီလမ်းမကြီးပေါ်ရှိ လမ်းပျက်စီးနေရာများအား နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ပြန်လည်အဆင့်မြှင့်တင် ပြုပြင်နေမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
ယခု လမ်းပိုင်းပြင်ဆင်ခြင်းလုပ်ငန်းအား နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် လမ်းရေရှည်တည်တံ့ကောင်းမွန်ရေး၊ သတ်မှတ်အချိုးအစားများ ပြည့်မီမှုရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန်၊ လမ်းကြိတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းသားညီညာမှုရှိစေရေးနှင့် သိပ်သည်းမှုရှိစေရေး လမ်းကြိတ်စက်များအား သတ်မှတ်မောင်းနှင်ရမည့်နှုန်းထားအတိုင်း မောင်းနှင်ဆောင်ရွက်စေရန် SAC ဥက္ကဋ္ဌက မှာကြားသည်။

ထို့ပြင် လမ်းမျက်နှာပြင်ညီညာမှုရှိစေရေး၊ လမ်းပေါ်၌ ရေတင်မှုမရှိစေရေးနှင့် ရေဆင်းမှန်ကန်မှုရှိစေရေး သတ်မှတ်နည်းစနစ်များအတိုင်း စနစ်တကျ ဆောင်ရွက်သွားရန်၊ လမ်းလယ်ကျွန်းရှိ လမ်းကွေ့နေရာများ၌လည်း ညီညာ မှုရှိစေရေး၊ လမ်းခင်းခြင်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို SAC ဥက္ကဋ္ဌက မှာကြားသည်။
အဆိုပါ ရာဇဌာနီလမ်းမကြီးပေါ်ရှိ ပန်းခင်းလမ်းမီးပွိုင့်လမ်းဆုံမှ ကုမုဒြာကြာပန်းအဝိုင်းအထိ လမ်းပိုင်းနေရာသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဆိုးရွားစွာပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး SAC ဥက္ကဋ္ဌအနေဖြင့် ငလျင်လှုပ်ခတ်ပြီး မကြာမီအချိန်ပိုင်းအတွင်း ထိခိုက်ပျက်စီးမှုများအား သွားရောက်စစ်ဆေးခဲ့သည့် နေရာလည်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး အင်ဂျင်နီယာများနှင့် ဆွေးနွေးတိုင်ပင်မှုများအရ လမ်းပိုင်းပြုပြင်မှုများ ဆောင်ရွက်ရာတွင် နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ဆောင်ရွက်သွားရန် SAC ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်။
လမ်းပြုပြင်ခြင်းလုပ်ငန်းများကို Regulating Course Mix Design ဖြင့်ဆောင်ရွက်နိုင်ရန် မူလနိုင်လွန်ကတ္တရာ Mix Design မှ ကတ္တရာပါဝင်မှုနှုန်းနှင့် ဘိလပ်မြေပါဝင်မှုတို့ကို လျှော့ချ၍ Design စမ်းသပ်ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Design ပြုလုပ်ထားသည့်အချိုးအတိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာန နိုင်လွန်ကတ္တရာ Lab ခန်းတွင် နမူနာ Mould နှစ်တုံး ပြုလုပ်၍ Marshall Testing Machine စက်ဖြင့် Stability နှင့် Flow အား စမ်းသပ်ခဲ့ရာ သတ်မှတ်စံနှုန်းများအတွင်း ရရှိစမ်းသပ်မှုအောင်မြင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အဆင့်ဆင့်စမ်းသပ်ခဲ့ပြီးနောက် ယခုလမ်းပိုင်းအား Regulating Course Mix Design ဖြင့် ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ပြီး Regulating Course Mix Design ဖြင့် လမ်းလွှာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ၂ လက်မထု၊ ၁၂ ပေ အကျယ်၊ ၅၂၈၀ ပေ (၁မိုင်)လျင် ဘိလပ်မြေ ၁၈ ဒသမ ၄၄ တန် (၃၆၈) အိတ်နှင့် ကတ္တရာ ၆ ဒသမ ၁၅ တန် (၃၃ ပီပါ) သက်သာမည်ဖြစ်ကြောင်း သိရသည်။