
၄. ၇. ၂၀၂၅
Translated by Thettant
အင်ဒိုနီးရှားနိုင်ငံမှ ဆယ်လီတစ်ဦးသည် မြန်မာနိုင်ငံရှိ သူပုန်များနှင့် တွေ့ဆုံမှုဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရသည်ဟု အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျာကာတာမှ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားလိုက်သည်။
အရာရှိများက A.P ဟူသော အမည်ကနဦး ဖော်ထုတ်ထားသည့် အသက် ၃၃ နှစ်အရွယ် အင်ဒိုနီးရှား လူမှုမီဒီယာသြဇာလွှမ်းမိုးသူ Arnold Putra ကို ယမန်နှစ် ဒီဇင်ဘာလတွင် မြန်မာအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

“တရားရုံးလုပ်ငန်းစဉ် ပြီးစီးပြီးနောက် A. P ကို ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့ပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံသားကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး Judha Nugraha က ပြောကြားခဲ့သည်။
အဆိုပါ အင်ဒိုနီးရှားနိုင်ငံသားသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံမှုတို့အရ မြန်မာတရားရုံးက အကြမ်းဖက်မှု၊ လူဝင်မှုကြီးကြပ်ရေးနှင့် မတရားအသင်းများဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုဖြင့် စွဲချက်တင်ခဲ့ပြီးနောက် ထောင်ခုနစ်နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ အင်ဒိုနီးရှားအမျိုးသားသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်ရှိ အင်းစိန်ထောင်တွင် ပြစ်ဒဏ်ကျခံနေရသလို ဂျာကာတာသည် “မိသားစုထံမှ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံမှုကို ကူညီဆောင်ရွက်ပေးနေသည်” ဟု Judha Nugraha က ပြောကြားခဲ့သည်။
ဒေသခံမီဒီယာများက ဖမ်းဆီးခံရသူ A.P က သူ၏ လူမှုမီဒီယာအကောင့်တွင် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းနှင့် အာဖဂန်နစ္စတန်အပါအဝင် ပဋိပက္ခဇုန်များသို့ ခရီးသွားနေသည့်အပြင် ဘာလီနှင့် ပဲရစ်တို့တွင် လှပသော တည်းခိုမှုများကို ပျော်ရွှင်စွာ လုပ်ဆောင်နေသည့် အမျိုးသားတစ်ဦး၏ ပုံများကို ဖော်ပြထားသည်ကို တွေ့ရသည်။ ထို့အတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက Instagram ပို့စ်များတွင် ၎င်းသည် မြန်မာနိုင်ငံရှိ နေရာအသီးသီးနှင့် KNU, KNLA, PDF, ABSDF စသည့် အကြမ်းဖက် လက်နက်ကိုင်များနှင့် ပုံများကို တင်ခဲ့ပြီး နောက်ပိုင်းတွင်မူ ပြန်လည်ဖျက်ချခဲ့သည်။

Arnold Putra မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရပြီး အကြမ်းဖက်သူပုန်ထမှုကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲခံရကာ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရပြီးနောက် အင်ဒိုနီးရှားအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Sufmi Dasco Ahmad က အင်ဒိုနီးရှားအစိုးရအား Arnold Putra လွတ်မြောက်ရေး သံတမန်ရေးရာ ချန်နယ်များအရ ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
“မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု Dasco က ကြာသပတေးနေ့တွင် ပါလီမန်ဝင်း၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
Ref, AFP & Jakatar Globe
