
၄.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာဝန်ကြီးချုပ်ပေတုံတန် ရှီနာဝပ်ထရာ ကို ကမ္ဘောဒီးယားနိုင်ငံရဲ့ခေါင်းဆောင်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောကြားခဲ့အပြီး ပေါက်ကြားလာခဲ့တဲ့ဖုန်းပြောမှု အချက်တွေကို ပြန်လည်စဉ်းစားသုံးသပ်နေတုံးမှာ ရာထူးမှဆိုင်းငံ့ထားဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့တဲ့နောက် ဒီအပတ်အတွင်းမှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင်အပြောင်းအလဲအဖြစ် ပြည်ထဲရေးဝန်ကြီး ဖွမ်သမ် ဝီချာရာချိုင်းကို အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ဇူလိုင်လ ၃ ရက်မှာ ထပ်မံခန့်အပ်လိုက်ပြန်ပါတယ်။ ဒါကြောင့်လည်း ဒီရက်ပိုင်းအတွင်းမှာပဲ နိုင်ငံ့ခေါင်းဆောင်တွေက သုံးယောက်မြောက်အထိ အပြောင်းအလဲ ဖြစ်ခဲ့တာပါ။
ပေတုံတန်ကို ဝန်ကြီးချုပ်တာဝန်ဆိုင်းငံ့ထားဖို့ ဇူလိုင်လ ၁ ရက်မှာ ဆုံးဖြတ်ခဲ့ပြီးနောက် ပို့ဆောင်ရေးဝန်ကြီး Suriya Juankroongruangkit က ယာယီဝန်ကြီးချုပ်အနေနဲ့ တာဝန်ယူခဲ့တာပါ။ ဒါပေမယ့် ပေတုံတန် ဝန်ကြီးချုပ် အဖြစ်ရှိနေစဉ်ကပဲ ထိုင်းအစိုးရအဖွဲ့ပြောင်းလဲဖွဲ့စည်းရေးကြိုတင် စီစဉ်ထားတဲ့အတိုင်း တာဝန်ယူခဲ့တဲ့ Suriya က ယာယီဝန်ကြီးချုပ်တာဝန်ကို ပြန်လည် စွန့်လွှတ်ရပြီး ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး ဖွမ်သမ် ဝီချာရာချိုင်းကို အိမ်စောင့်အစိုးရဝန်ကြီးချုပ် တာဝန်ဝတ္တရားတွေကို ဇူလိုင်လ ၃ ရက်မှာ လွှဲပြောင်းပေးခဲ့တာပါ။ ဖွမ်သမ် ဝီချာရာချိုင်းက ဒီအရင်လည်း ပေတုံတန်အစိုးရမှာ ဒုတိယဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့ပါသေးတယ်။

လူမှုကွန်ရက် စာမျက်နှာပေါ်က ပို့စ်တစ်ခုမှာလည်း ထိုင်းအစိုးရက ဖွမ်သမ် ဝီချာရာချိုင်းကိုအိမ်စောင့်အစိုးရယာယီဝန်ကြီးချုပ်အဖြစ် Suriya က ကျမ်းသစ္စာကျိန်ဆိုပြီးချိန် မကြာခင်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့သစ်ရဲ့ ပထမဆုံး အစည်းအဝေးမှာသဘောတူခဲ့ကြတာလို့ ဆိုပါတယ်။
အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ဖွမ်သမ် ဝီချာရာချိုင်း က ဝင်ရောက်အစားထိုးတာဝန်ယူပြီးနောက်မှာတော့ Suriya အနေနဲ့ ဝန်ကြီးချုပ်တာဝန်ကို တစ်ရက်ကျော်ကျော်သာ တာဝန်ယူခဲ့ရတယ်လို့ဆိုရမှာပါ။ ပေတုံတန်ကို ဒီရက်သတ္တပတ်အစောပိုင်းက ဝန်ကြီးချုပ်တာဝန်က ခေတ္တ ဆိုင်းငံ့ပြီးတဲ့နောက်မှာပဲ ခုလို ကြားဖြတ် ခန့်ထားမှုတွေ ဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား နယ်စပ်အငြင်းပွားမှုကနေ ဖြစ်ခဲ့တဲ့နှစ်ဖက်တပ်ဖွဲ့ပစ်ခတ်မှုတွေမှာ ကမ္ဘောဒီးယားစစ်သားတစ်ဦး ကျဆုံးရပြီးချိန်မှာတေ့ာ နှစ်ဖက်တင်းမာမှုတွေ မြင့်တက်လာတာပါ။ ဒီအချိန်မှာမှ ဇွန်လလယ်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ ဖုန်းပြောဆိုမှုမှာ ပေတုံတန် အနေနဲ့ ဝန်ကြီးချုပ်တစ်ဦးရဲ့ကျင့်ဝတ်တွေကို ချိုးဖောက်ပြောဆိုခဲ့တယ်လို့ ဒီဖုန်းပြောကြားမှု ပေါက်ကြားလာအပြီးမှာ စွပ်စွဲခဲ့ကြတာပါ။
ထိုင်းနိုင်ငံအတွင်းက ဝေဖန်ရေးသမားတွေကလည်း ဖုန်းပြောကြားမှုမှာ ပေတုံတန်က ဟွန်ဆန် ကို ‘ဦးလေး’ လို့ ခေါ်ဝေါ်သုံးစွဲခဲ့မှုနဲ့ ထိုင်းစစ်ဒေသတပ်မှူးတစ်ဦးကို ဝေဖန်ပြောဆိုမှုတွေအတွက် မကျေမနပ် ဒေါသဖြစ်ရတယ်လို့ ပြောခဲ့ကြပါတယ်။
အသက် ၃၈ နှစ်ရှိ ပေတုံတန် အနေနဲ့ ဟွန်ဆန်နဲ့ ဖုန်းပြောမှုတွေအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြောကြားခဲ့တယ်လို့ အထက်လွှတ်တော်အမတ် ၃၆ ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်သွင်းခဲ့တဲ့ တိုင်ကြားလွှာကိုလည်း ခုံရုံးက လက်ခံခဲ့ပါတယ်။ အဲဒီမှာတော့ ပေတုံတန်ဟာ ဝန်ကြီးချုပ်တစ်ယောက်ထားရှိရမယ့်ကျင့်ဝတ်တွေကို ချိုးဖောက်တယ်လို့ သံသယရှိရတယ်လို့ ပြောကြားထားပြီး ခုံရုံးက ပေတံတန်ကို ရာထူးမှဆိုင်းငံ့ကာ ဒီဖြစ်ရပ်ကို အခုအခါ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတာပါ။
ဆိုင်းငံ့ခြင်းမခံရခင်မှာ ပေတုံတန်က အစိုးရအဖွဲ့သစ်မှာ ယဉ်ကျေးမှုဝန်ကြီးအဖြစ် သူ့ကိုယ်သူ ခန့်အပ်ခဲ့ပါတယ်။ ဒီအတွက် ဝန်ကြီးချုပ်ရာထူးက ဆိုင်းငံ့ခံရပေမယ့် သူက အစိုးရအဖွဲ့သစ်မှာ ဆက်လက် ပါဝင်နေကာ ဇူလိုင်လ ၃ ရက်က ဘုရင့်နန်းတော်မှာ အစိုးရအဖွဲ့သစ်ကျမ်းသစ္စာကျိန်ဆိုရာမှာ ပါဝင်ခဲ့ပါတယ်။

ပေတုံတန်ရဲ့ အစိုးရအနေနဲ့ နိုင်ငံရဲ့ ခြေကုန်လက်ပန်းကျနေပြီလို့တောင်ဆိုရမယ့် စီးပွားရေးအခြေအနေက လွတ်မြောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ဆောင်ရွက်ခဲ့ရတာပါ။ထင်မြင်ချက်ဆန္ဒမဲကောက်ခံချက်တစ်ခုအရဆိုရင် ပေတုံတန်အပေါ် လူကြိုက်များမှုက မတ်လမှာ ၃၀ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ဇွန်လအ ကုန်လောက်မှာတော့ ၉ ဒသမ ၂ ရာခိုင်နှုန်းကို ကျဆင်းလာပါတယ်။
ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ နိုင်ငံရေးမိသားစုလို့ဆိုရမယ့် သက်ဆင်မိသားစုက အခုအခါ ဥပဒေကြောင်းအရ အမှုနှစ်ခုကို တစ်ပြိုင်နက်တည်းရင်ဆိုင်နေရတာလို့လည်း ဆိုရမှာပါ။ ပေတုံတန်ရဲ့ အဖေ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာ ဆိုရင်လည်း တော်ဝင်မိသားစုကို စော်ကားမှုနဲ့ အခြားတရားရုံးတစ်ခုမှာ တရားရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် သက်ဆင်ကတော့ ဒီစွဲချက်ကို ငြင်းပယ်ထားပြီး သူ့အနေနဲ့ ဘုရင်မင်းမြတ်အပေါ် သစ္စာရှိတယ်လို့ အကြိမ်ကြိမ်ဆိုခဲ့ပါတယ်။
သက်ဆင်အနေနဲ့ သူ့အဖို့ ရင်ဆိုင်ရမယ့် အခြားပြစ်မှုတွေကနေလည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ခံဝန်နဲ့ လွှတ်ပေးခံခဲ့ရတာပါ။ ဒီမတိုင်ခင် ထောင်ဒဏ်အပြစ်ကိုလည်း ဆေးကုသခံယူမှု အကြောင်းပြချက်တွေနဲ့ ဆေးရုံပေါ်မှာ ခြောက်လကုန်ဆုံးရင်း ရှောင်တိမ်းခဲ့တာလို့ ဆိုကြပါတယ်။ ဇူလိုင်လအတွင်းမှာတော့ တရားရုံးချုပ်က သက်ဆင်ရဲ့ ဆေးရုံပေါ်မှာ ပြစ်ဒဏ်အချိန်ကုန်ဆုံးခဲ့မှုကို ပြန်လည်စိစစ်မယ်လို့သိရပြီး သက်ဆင်အနေနဲ့ အမှန်တကယ် ပြစ်ဒဏ်က ရှောင်တိမ်းခဲ့တာလို့ယူဆရရင် သူ့အနေနဲ့ ထောင်ဒဏ်ပြန်လည်ကျခံရမှာပါ။
ဒါကြောင့်လည်း ထိုင်းနိုင်ငံရဲ့နိုင်ငံရေးအခြေအနေက ဝရုန်းသုန်းကားဖြစ်နေချိန်မှာတောင် အပြောင်းအလဲတွေ ထပ်ဆင့်လို့ ပိုပြီးမတည်မငြိမ်ဖြစ်နေရတယ်လို့ ဆိုရတော့မှာပါ။
Ref, Al Jazeera
