
၄. ၇. ၂၀၂၅
Written by Nay Moe
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှ ရာအိမ်မှူးတစ်ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်မှ သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို PDF များ သတ်ဖြတ်လိုက်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မကွေးမြို့နယ်၊ ငါးဆောင်ကျေးရွာနေ ရာအိမ်မှူး ဦးဝင်းထွေး(၅၅)နှစ်သည် သစ်ရာကောက်ကျေးရွာမှ ငါးဆောင်ကျေးရွာသို့ ဖိုးပေါက်ကန်-ကံနှစ်ဆင့်-ငါးဆောင်ကျေးရွာချင်းဆက်လမ်းအတိုင်း ပြန်လာစဉ် ညောင်ပင်ကြီးကျေးရွာအနီးအရောက်၌ PDF သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းထွေးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ဇူလိုင် ၂ ရက် ညနေ ၅ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဆင်ကူးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးဝင်းရွှေ(၆၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၃၀ ဦးခန့်(စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းရွှေတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါဖြစ်စဉ်များမှ ကျူးလွန်သူများ ဖမ်းမိရေး တာဝန်ရှိသူများက စစ်ဆေးရှင်းလင်းမှု လုပ်ဆောင်နေကြောင်း သိရသည်။