၃.၇.၂၀၂၅
Translated by Htwe Ko Tun
အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ မာလီနိုင်ငံအတွင်း လက်နက်ကိုင်အကြမ်းဖက်သမားအုပ်စုတစ်ခုရဲ့ တိုက်ခိုက်မှုတွေ နေရာအတော်တော်များများမှာဖြစ်ခဲ့မှုမှာ အိန္ဒိယနိုင်ငံသားသုံးဦး ပြန်ပေးဆွဲခံခဲရတာကို အထူးစိုးရိမ်မိတယ်လို့ အိန္ဒိယနိုင်ငံအစိုးရက ဇူလိုင်လ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြန်ပေးဆွဲမှုဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ်တဲ့ ဇူလိုင်လ ၂ ရက်မှာ အိန္ဒိယအစိုးရက မာလီအစိုးရထံ ဖုန်းခေါ်ဆိုပြီး ပြန်ပေးဆွဲခံရသူတွေ ကယ်တင်နိုင်ရေးနဲ့ လွတ်မြောက်ရေးအတွက် လိုအပ်တဲ့ဆောင်ရွက်မှုအားလုံးကို ညှိနှိုင်းဆောင်ရွက်သွားဖို့ မာလီအစိုးရကို တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာနက မာလီနိုင်ငံအနောက်ပိုင်း ကာယီးစ်မြို့ရှိ Diamond Cement Factory ဘိလပ်မြေစက်ရုံတစ်ရုံမှာ အလုပ်လုပ်နေကြတဲ့ အိန္ဒိယနိုင်ငံသား သုံးဦး ပြန်ပေးဆွဲခံခဲရတာကို အထူးစိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
ပြန်ပေးဆွဲမှုက ဇူလိုင်လ ၁ ရက်မှာဖြစ်ခဲ့တာပါ။ လက်နက်ကိုင်အကြမ်းဖက်အုပ်စုတစ်ခုဟာ စက်ရုံဝင်းအတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပြီး အိန္ဒိယနိုင်ငံသား သုံးဦးကိုတော့ ဓားစာခံတွေအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
ပြန်ပေးဆွဲမှုတွေအတွက် ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ပြောကြားမှုတွေလည်း မရှိသေးပါဘူး။ အယ်လ်ကေးဒါးနဲ့ အဆက်အသွယ်ရှိတဲ့ Jama’at Nusrat al-Islam wal-Muslimin(JNIN) ကတော့ ပူးပေါင်းတိုက်ခိုက်မှုတွေကို သူတို့အဖွဲ့ကလည်း ဇူလိုင်လ ၁ ရက်မှာ လုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပြည်ပရေးရာဝန်ကြီးဌာနက မာလီနိုင်ငံ၊ မြို့တော် ဘာမာကိုရှိ အိန္ဒိယနိုင်ငံသံရုံးက မာလီနိုင်ငံရဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ၊ ဥပဒေစိုးမိုးရေးအဖွဲ့တွေအပြင် Diamond Cement Factory ဘိလပ်မြေစက်ရုံ အုပ်ချုပ်မှုအဖွဲ့နဲ့လည်း အနီးကပ်အမြဲတန်း အဆက်အသွယ်ပြုနေတယ်လို့ပြောခဲ့ပါတယ်။
ဒါ့အပြင် ပြန်ပေးဆွဲခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
Ref- The Hindu
