၃. ၇. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ယမန်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြညာခဲ့ပြီးနောက် အဆိုပါ ဒေါ်လာ ၁၀ သန်းအား ရက်အလိုက်လိုအပ်သည့်ပမာဏအတိုင်း ခွဲဝေထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စက်သုံးဆီလုပ်ငန်းရှင်များအတွက်လည်း ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်အထိ သုံးလကျော်အတွင်း ဒေါ်လာ ၃၃၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည်။
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ရောင်းချပေးနေသည့် FX Online Trading Platform တွင် အမေရိကန်တစ်ဒေါ်လာ ၃၆၁၇ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၃ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၅၅၂ ကျပ် ဖြစ်သည်။ ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၄၄၉၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၈ ကျပ်၊ တရုတ်တစ်ယွမ် ၆၂၇ ကျပ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
