၃.၇.၂၀၂၅
Translated by Htwe Ko Tun
ခရီးသည်နှင့် သင်္ဘောအမှုထမ်း စုစုပေါင်း ၆၅ ဦးသယ်ဆောင်လာသော ကူးတို့သင်္ဘောတစ်စီးမှာ အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေကျွန်းအနီးတွင် ဇူလိုင်လ ၂ ရက်ညက နစ်မြုပ်ခဲ့ရာ လှိုင်းလေထန်လှသော ပင်လယ်ပြင်အတွင်းပျောက်ဆုံးနေသူများကို ရှာဖွေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးသမားများက ဇူလိုင်လ ၃ ရက်နံနက်တွင် ပြောခဲ့ကြသည်။
KMP Tunu Pratama Jaya အမည်ရှိ အဆိုပါကူးတို့သင်္ဘောမှာ အရှေ့ဂျာဗားကျွန်းရှိ ကေတာပန် ဆိပ်ကမ်းမှ ဇူလိုင်လ ၂ ရက် ညပိုင်းတွင် ထွက်ခွာလာခဲ့ပြီးနောက် နာရီဝက်နီးပါးအကြာတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။ သင်္ဘောက ကီလိုမီတာ ၅၀ အကွာအဝေးရှိသည့် ဘာလီကျွန်း၏ ဂီလီမာနတ်ဆိပ်ကမ်းသို့ ဦးတည်လာနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
သင်္ဘောပေါ်တွင် ခရီးသည် ၅၃ ဦး၊ သင်္ဘောအမှုထမ်း ၁၂ ဦးလိုက်ပါလာပြီး ထရပ်ကား ၁၄ စီးအပါအဝင် မော်တော်ယာဉ် ၂၂ စီး သယ်ဆောင်လာကြောင်းလည်း သတင်းများကဖော်ပြခဲ့သည်။
ဂျာဗားကျွန်း၊ ဘန်ယူးဝန်ဂီမြို့ မှရဲမှူးကြီး ရာမာဆန်တာမာပူထရာက ကယ်ဆယ်ရေးသမားများအနေဖြင့် သေဆုံးသူအနည်းဆုံးလေးဦးကိုတွေ့ရှိခဲ့ပြီး ၂၃ ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၃၈ ဦးမှာပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဇူလိုင်လ ၃ ရက် နံနက်တွင် ပြောခဲ့သည်။
ကယ်ဆယ်နိုင်ခဲ့သူ အများအပြားမှာလည်း လှိုင်းကြမ်းသောပင်လယ်တွင် နာရီအတန်ကြာ မျောပါနေကြပြီးမှ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်၍ သတိလစ်နေသည့်အခြေအနေတွင် ရှိနေကြကြောင်း သိရသည်။
ဆွဲသင်္ဘောနှစ်စီး၊ လေထိုးသွင်းနိုင်သော စက်လှေနှစ်စီးအပါအဝင် ရေယာဉ်ကိုးစီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဇူလိုင်လ ၂ ရက်ညမှစ၍ ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ညအမှောင်ထုအတွင်း နှစ်မီတာ (၆ ဒသမ ၅ ပေ) အထိမြင့်သော လှိုင်းလုံးများအကြားတွင် တစ်ညလုံး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြခြင်းလည်းဖြစ်သည်။
ကျွန်းပေါင်း ၁၇,၀၀၀ ပါဝင်သော ကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၌ ထိုကဲ့သို့ ကူးတို့သင်္ဘောများ၏ မတော်တဆမှုများက ဖြစ်လေ့ဖြစ်ထလည်းရှိသည်။ ကူးတို့သင်္ဘောများကို နိုင်ငံအတွင်း သယ်ယူပို့ ဆောင်ရေးအတွက် အဓိကအသုံးပြုနေသော်လည်း လုံခြုံစိတ်ချရမှုအပိုင်းတွင်မူ များစွာလစ်ဟာမှုများရှိကြောင်းလည်း သိရသည်။
မေလအတွင်းကလည်း သစ်သားဖြင့်တည်ဆောက်ထားသော သင်္ဘောတစ်စီး ဘန်ကူလူပြည်နယ်အတွင်း နစ်မြုပ်ခဲ့သေးရာ ပြည်တွင်းခရီးသွား ခုနစ်ဦးသေဆုံးပြီး ၃၄ ဦးဒဏ်ရာရခဲ့ကြသေးသည်။ ဇွန်လအတွင်းကလည်း ကမ္ဘာလှည့်ခရီးသွားများ လိုက်ပါလာသော ခရီးသည် ၈၉ ဦးပါသည့် သင်္ဘောတစ်စီး ဘာလီကျွန်းအနီးနစ်မြုပ်ခဲ့သေးသော်လည်း ကံကောင်းထောက်မစွာ လိုက်ပါလာသူအားလုံးကို ကယ်ဆယ်နိုင်ခဲ့သည်။
Ref- Hindustan Times
