၃. ၇. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးဆန်ဖူလုံမှုအနေဖြင့် ၁၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်သည့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
မိမိတို့နိုင်ငံတွင် တစ်နိုင်ငံလုံးဆန်ဖူလုံမှုအနေဖြင့် ၁၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ဆန်ဖူလုံမှုမရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များလည်းရှိသည်ကို တွေ့ရှိရပြီး ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင် စနစ်တကျစိုက်ပျိုး၍ အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆန်ဖူလုံမှုများရှိလာမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဆန်ဖူလုံမှုမရှိသည်ကို တွေ့ရကြောင်း၊ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပန်းတိုင်ရည်မှန်း ချက်အတိုင်းပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆန်ဖူလုံမှုတိုးတက်လာမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံမှထွက်ရှိသည့် ဆန်များကို ပြည်ပနိုင်ငံများသို အရည်သွေးပြည့်မီစွာဖြင့် ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ထိုကြောင့် မိမိတို့အနေဖြင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
