ဓာတ်ပုံ - Asia World Company
၃၁. ၁. ၂၀၂၃
Written by Ye Kyaw
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပို့ကုန်ပမာဏ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံကျော် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လသာကျန်ရှိနေချိန်တွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၃ ဘီလျံကျော်သာ ရရှိထားပြီး မျှော်မှန်းထားသည့် ပမာဏပြည့်မီရန် ဒေါ်လာနှစ်ဘီလျံကျော် လိုအပ်နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များတွင် ပို့ကုန်တင်ပို့မှု နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံရရှိရန် မျှော်မှန်းထားသည့်အတွက် တစ်လလျှင် ပို့ကုန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါးရရှိရမည်ဖြစ်သည်။ ယခုဘဏ္ဍာနှစ် ကုန်ဆုံးရန် နှစ်လသာကျန်ရှိချိန်တွင် မျှော်မှန်းထာသည့်ပို့ကုန်ပမာဏ ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၁၃၄ ဘီလျံ ကျန်ရှိနေခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၃ ဒသမ ၃၆၄ ဘီလျံရရှိထားပြီး ယင်းအနက် စက်မှုကုန်ချောတင်ပို့မှုမှ ရရှိသောဝင်ငွေသည် ရာခိုင်နှုန်း ၇၀ ခန့်အထိရှိသည်။ အဆိုပါကာလအတွင်း စက်မှုကုန်ချောတင်ပို့မှုမှ ဒေါ်လာ ၉ ဘီလျံကျော်ရရှိခဲ့ပြီး စက်မှုကုန်ချောတင်ပို့မှုတွင် CMP အထည်ချုပ် တင်ပို့မှုက ထက်ဝက်ခန့်ပါဝင်ကြောင်း သိရသည်။
အဆိုပါ ၁၀ လနီးပါးခန့်တွင် စက်မှုကုန်ချောတင်ပို့မှုသည် ယခင်နှစ်ထက် ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော် ပိုမိုတင်ပို့ထားပြီး အခြားသော ပို့ကုန်များအနက် လယ်ယာထွက်ကုန်တင်ပို့မှုသည် ယခင်နှစ်ထက် ဒေါ်လာ ၂၅ သန်းကျော်၊ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုသည် ယခင်နှစ်ထက် ဒေါ်လာ ၁၃ သန်းကျော်၊ သစ်တောထွက်ပစ္စည်း တင်ပို့မှုသည် ယခင်နှစ်ထက် ၁၂ သန်းကျော်၊ သစ်တောထွက်ပစ္စည်း တင်ပို့မှုသည် ဒေါ်လာ ၁၂ ကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ရေထွက်ကုန်တင်ပို့မှုသည် ယခင်နှစ်ထက် ဒေါ်လာ ၃၅ သန်းကျော်၊ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှု ယခင်နှစ်ထက် ဒေါ်လာ ၃၂၅ သန်းကျော်၊ အခြားသောပို့ကုန်များတင်ပို့မှုသည် ယခင်နှစ်ထက် ဒေါ်လာသန်း ၂၇၀ ခန့်လျော့ကျခဲ့သည်။
