April 28, 2024

MT News

Written By Thandar

မြန်မာပြည်အတွက် Modern Art ရေစီးကြောင်းမှာ Secondnd Generation တစ်ဦးအပါအဝင်ဖြစ်ခဲ့တဲ့ Artist San Minn ရဲ့ ကွယ်လွန်ခြင်းတစ်နှစ်ပြည့်အတွက် Homage to San Minn Art Exhibition ကို ပန်းချီဆရာ ၁၇ ဦးက ပန်းချီကားတွေ ပြသခဲ့ပါတယ်။

ဇန်နဝါရီ ၂၉ ရက် နနက်ပိုင်းက ကျောက်တံတားမြို့နယ် ဆူးလေတာဝါ(2)ရှိ Waterlily Art Space ပန်းချီပြပွဲအဖွင့်မှာတော့ ကဗျာဆရာ ခင်အောင်အေးရွတ်ဆိုထားတဲ့ ကဗျာကို အသံ File နဲ့ စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

“အဓိကတော့ ကိုစံမင်းကို အမှတ်တရလုပ်ပေးတဲ့ ပွဲလေးပါ။ ကိုစံမင်းက ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ကံ့ကော်ရွာ စတင်ဖွဲ့စည်းသူလည်း ဖြစ်ပါတယ်။ စဥ်ဆက်မပြတ် ရေးသားနေတဲ့သူဖြစ်ပါတယ်။ နောက် Modern Art ကို ဦးဆောင်တဲ့သူတစ်ယောက်လို့ အများကလည်း အသိအမှတ်ပြုထားတယ်။ ကျောင်းမှာထဲက သူ့ရဲ့ ပန်းချီကားပုံတွေက ထူးခြားတယ်။ ဒေါက်တာညီညီတို့ဆိုရင် သူ့ကိုအရမ်းသဘောကျတယ်။ ခေတ်ပြောင်းသွားတော့ သူ့ကအဆင်မပြေမှုတွေ ဖြစ်ခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာရော စည်းကမ်းပိုင်းစတာတွေမှာပါ ကျွန်တော်တို့အပေါ် လွှမ်းမိုးခဲ့တဲ့သူတစ်ယောက်ပါ။ ကျွန်တော်တို့ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့သူ ကွယ်လွန်သွားတဲ့ ကျွန်တော်တို့ ကံ့ကော်ရွာ ပန်းချီလောကတစ်ခုလုံး ဆုံးရှုံးမူတစ်ရပ်ဖြစ်လို့ သူ့အတွက် ပန်းချီပြပွဲလေး လုပ်ပေးဖြစ်တာပါ”လို့ ရန်ကုန်တက္ကသိုလ် ပန်းချီအသင်းထွက် (ကံ့ကော်ရွာ Artists Group) က ပန်းချီဆရာဇေယျက M T News Entertainment ကို ပြောပါတယ်။

ဒီနေ့ပြပွဲမှာ​တော့ Artist San Minn ရဲ့ ကွယ်လွန်ခြင်းတစ်နှစ်ပြည့်ကို ရည်စူးပြီး သူ့ကို အားကျခဲ့ကြတဲ့ Modern Art ရေစီးကြောင်းထဲ ချိနဲ့နဲ့ အင်အားတွေနဲ့ ဝါသနာကိုခွန်အားသုံးပြီး ရွက်လွှင့်ခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ် ပန်းချီအသင်းထွက် (ကံ့ကော်ရွာ Artists Group)က ပန်းချီဆရာကြီးတွေဖြစ်တဲ့ အောင်ကျော်မိုး ၊ အေးချမ်း ၊ အေးအေးမာ ၊ ဌေးမြင့် ၊ ခင်ခင်စိုး ၊ ခင်ဆွေဝင်း ၊ ဌေးဌေးမြင့် ၊ ဟန်ထွန်း ၊ M မြင့်ဌေး ၊ မေသက်မာ ၊ ညိုဝင်းမောင် ၊ ဆန်းဝင်း ၊ စိုးနိုင် ၊ တင်မောင်ဆွေ ၊ တီတိုး ၊ ခင်မောင်အေး ၊ ဇေယျတို့ရဲ့ ပန်းချီကား ၄၃ ကားကို Homage to San Minn group show art exhibition မှာ ဇန်နဝါရီ ၂၉ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ခင်းကျင်းပနေတယ်လို့ သိရပါ တယ်။

ဆရာစံမင်းရဲ့ မူရင်းပန်းချီကားတချို့ကိုပြသလိုပေမဲ့လည်း သူမကွယ်လွန်မီက သဘောထားကို မချိုးဖောက်လိုတဲ့အတွက် မပြသခဲ့ဘဲ ဖိတ်စာမှာသာတစ်ပုဒ်သုံးထားခဲ့ပါတယ်။ ဒီပန်းချီပြပွဲမှာတော့ ပန်းချီဆရာ ၁၇ ယောက်ရဲ့ ပန်းချီကား ၄၃ ကားကို ပြသကာ စျေးနှုန်းအနေနဲ့ မြန်မာငွေ ကျပ် ၃ သိန်း ဒေါ်လာ ၅၀ ကနေ ဒေါ်လာ ၁၅၀၀ အထိသတ်မှတ်ရောင်းချပေးနေပါတယ်။

ချင်း ၊ ရခိုင် အစရှိတဲ့ တိုင်းရင်သားမျိုး နွယ်စုအကြောင်းကို ရေးသားဖော်ကျူးတတ်သူဖြစ်ပြီး ပန်းချီကားတွေကို စိတ်ကြိုက်ဖန်တီးတင်ဆက်ခဲ့တဲ့ ပန်းချီစံမင်းကတော့ ၁၉၇၄ ခုနှစ်မှာ အရေးအခင်းဖြစ်ချိန် ထောင်ကျခဲ့တဲ့သူလို့လည်း သိရပါတယ်။ ရန်ကုန်တက္ကသိုလ်ဆရာကြီးနန်းဝေရဲ့နေရာ ပန်းချီဆရာနေရာကို ပေးအပ်ဖို့လျာထားခံရသူလည်းဖြစ်တယ်လို့ သိရပါတယ်။

ပန်းချီဆရာစံမင်းကတော့ ၂၀၂၂ ခုနှစ် အသက် ၇၁ နှစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကိုအောင်ကျော်မိုးနဲ့ ကိုတင်မောင်ဆွေတို့ကတော့ ကိုစံမင်းနဲ့ ခေတ်ပြိုင်ပန်းချီဆရာတွေဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News