April 28, 2024

MT News

Written by Nay Moe

မိုးကုတ်ပတ္တမြားမြေတွင် ကျောက်မျက်တူးဖော်ခွင့်ကို တစ်ကွက်လျှင် ဒေါ်လာ ၂ သိန်းကျော်မှ ဒေါ်လာ၂၈ သိန်းကျော်ဖြင့် ၄၅ ကွက် ရောင်းချမည်ဟု NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ The End of Dictatorship က ဇန်နဝါရီ ၃၀ရက်နေ့က ကြေညာသည်။

“ပွဲဦးထွက် မိုးကုတ် ပတ္တမြားမြေ ကျောက်မျက်ရှာဖွေတူးဖေါ်ရေး လုပ်ပိုင်ခွင့် ရောင်းချပေးခြင်းဖြစ်ပါတယ်။

မိုးကုတ်မြေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အဖိုးတန်ပတ္တမြားများနှင့် အခြားကျောက်မျက်ရတနာများ ထွက်ရှိတဲ့ ဒေသပါ။ တန်ဖိုးအားဖြင့် ဒေါ်လာသန်းချီတန်တဲ့ ကျောက်များ ရှေးယခင်က ထွက်ရှိခဲ့သလို၊ ယခုအချိန်ထိ ထွက်ရှိနေဆဲ၊ နောင်လဲ ဆက်လက်ထွက်ပေါ်နေဦးမှာဖြစ်ပါတယ်” ဟု EOD က ​ပြောသည်။

အဆိုပါ ကျောက်မျက်တူးဖော်ခွင့်လုပ်ကွက်များ ရောင်းချမည့်စီမံကိန်းကို Early Partnership Program ဟု အမည်ပေးထားပြီး စနစ်တကျ စီမံထုတ်လုပ်နိုင်စေရန် ရည်ရွယ်လျက် လုပ်ပိုင်ခွင့်ကာလအား ၁၀ နှစ်သာ ခွင့်ပြုထားခြင်း လုပ်ငန်းရှင်ပိုင်ဆိုင်မှုအား ၄၉ ရာခိုင်နှုန်းနှင့် ပြည်သူကိုယ်စားပြု ဖက်ဒရယ်အစိုးရပိုင်ဆိုင်မှုအား ၅၁ ရာခိုင်နှုန်း သတ်မှတ်ထားခြင်း၊ ကျောက်မျက်လုပ်ငန်းများ ဖွံ့ဖြိုးအောင်မြင်ရန်အတွက် ခေတ်နှင့်မဆီလျော်သော နည်းဥပဒေများ ပြင်ဆင်ဖြည့်စွက်ရန် စီမံထားခြင်းများ ဆောင်ရွက်ထားသည်ဟု ဆိုသည်။

ထို့ပြင် တော်လှန်ရေးကာလအတွင်း အထူးလိုအပ်သည့် ဘဏ္ဍာရန်ပုံငွေများ အလျှင်အမြန် ဖြည့်ဆည်းရန်နှင့် အားထုတ်လိုက်ပါမည့် လုပ်ငန်းရှင်များ အကျိုးအမြတ်များစေရန် လုပ်ကွက်များ၏တန်ဖိုးကို ကာလပေါက်စျေး၏ ၃၀ ရာခိုင်နှုန်းသာ သတ်မှတ်ပေးထားခြင်းနှင့် ဤသတ်မှတ်တန်ဖိုးအား တော်လှန်ရေးကာလတွင် အပြီးပေးသွင်းရန်မလိုဘဲ သတ်မှတ်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းသာ ယခုကာလတွင်ပေးသွင်းပြီး တော်လှန်ရေးအလွန် လုပ်ငန်းစတင်ချိန်မှသာ ကျန် ၆၀ ရာခိုင်နှုန်းကို ပေးသွင်းရမည်ဟုလည်း ဆိုထားသည်။

ထို့အတွက် စုစုပေါင်းလုပ်ကွက် ၄၅ ကွက်ကိုသာ ရောင်းချပေးသွားမည်ဖြစ်ပြီး လုပ်ကွက်တစ်ကွက်၏ တန်ဖိုးမှာ အနိမ့်ဆုံး ဒေါ်လာ ၂၃၅၂၀၀ မှ အမြင့်ဆုံး ဒေါ်လာ ၂၈၂၂၄၀၀ အထိသတ်မှတ်ထားပြီး စတင်ရောင်းချမည့်နေ့ကို မကြာမီကြေညာမည်ဟုလည်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News