
၂.၇.၂၀၂၅
Written By Thandar
အနုပညာလောကမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသား သရုပ်ဆောင် အောင်ရဲလင်း ကတော့ အနုပညာကရရှိလာတဲ့ ငွေကြေးတွေကို အမြဲတမ်း အမေကိုအပ်ပြီး တတ်နိုင်တဲ့ဘက်က ကျေးဇူးဆပ် နေတယ်လို့ ရင်ဖွင့်လာပါတယ်။
“ကျွန်တော့်အနေနဲ့ ပိုက်ဆံတွေကို စုလည်းစုဖြစ်ပါတယ်။ သုံးလည်း သုံးဖြစ်ပါတယ်။ Management ကတော့ အဲလိုမျိုးကြီး ထွေထွေထူးထူးမရှိပါဘူး။ ပိုက်ဆံကတော့ သုံးစရာရှိရင် သုံးလိုက်တာပါပဲ။ စုရမယ် ဆိုရင် စုရပါတယ်။ ရတနာတွေစုဆောင်းဖြစ်တာ သိပ်မရှိပါဘူး။ မကြိုက်လို့မဟုတ်ဘူး အရမ်းတော့ မစုဆောင်းဖြစ်တာပါ။ သုံးတာကတော့ သောက်စားတဲ့နေရာမှာ သုံးဖြစ်တာပါ။ အများအားဖြင့်သုံးတယ်။ အဝတ်အစားဝယ်ရင်ပေါ့ သုံးတယ်။ နောက်ပိုင်း အပင်လေးတွေ စိုက်ဖြစ်နေပါတယ်။ လူပျိုကြီးဖြစ်ရင် ပိုက်ဆံ ပိုကုန်တာပါ။ စုဖြစ်တာမဖြစ်ဘူး။ အမေက ကိုယ့်ပိုက်ဆံတွေ ထိန်းသိမ်းပေးပါတယ်။ ပိုက်ဆံကတော့ အထပ်လိုက်ရှင်းတာတော့မဟုတ်ပါဘူး။ အများကြီးလည်းမရှိပါဘူး။ သူငယ်ချင်းအရင်း ခေါက်ခေါက်ဆိုင်ဆိုတော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေး ရိုက်တင်လိုက်တာပါ” လို့ သရုပ်ဆောင် အောင်ရဲလင်း က ပြောပါတယ်။
သူပါဝင်ထားတဲ့ “လွမ်းလို့မကျန်ရစ်…စေလို” ဇာတ်လမ်းတွဲ “အိပ်မက်” ဇာတ်လမ်းတွဲ၊ “မချစ်သင့်သော” ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြရိုက်ကူးထားခဲ့ပြီးလည်းဖြစ်ပါတယ်။ အောင်ရဲလင်းကတော့ လာမယ့် ဩဂုတ်လ မှာတော့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။
“ ပိုက်ဆံကို ချွေတာသုံးတဲ့အထဲမှာတော့ မပါဘူး။ ဒါပေမယ့် ပေးစရာရှိရင် အမေကို အရင်ဆုံးပေးလိုက်တယ်။ ကျွန်တော့် အမေကတော့ လိုအပ်တာရှိရင် သုံးဖို့လေ။ ကျွန်တော်တို့ကို ကြည့်ရှုစောင့်ရှောက်တာမို့ အမေကိုအပ်တာ ကုသိုလ်ရပါတယ်။ ရသမျှ ပိုက်ဆံ အမြဲတမ်းအပ် ဖြစ်ပါတယ်။ မိဘကျေးဇူးက ဘယ်လိုဆပ်ဆပ်ကုန်မှာ မဟုတ်ပါဘူး။ တတ်နိုင်တဲ့ဘက်က အမြဲတမ်း မိဘကျေးဇူးဆပ်သွားဖို့ ဦးနှောက်ထည့်ပါတယ်။ တကယ့်လို့ အိမ်ထောင်ကျရင်တော့ ငွေ ကတော့ မိန်းမရရင်တော့ မိန်းမကို တစ်ဝက်၊ အမေ့ကို တစ်ဝက်အပ်ရတော့မှာပေါ့” လို့ သူကဆက်ပြောပါတယ်။
