
၂.၇.၂၀၂၅
Translated by Htwe Ko Tun
အစ္စရေးအစိုးရရဲ့ မဟာဗျူဟာရေးရာဝန်ကြီး ရွန် ဒါမားက အမေရိကန်အထူးသံတမန် စတိဗ် ဝိခ်အော့ဖ်ကို အစ္စရေးအနေနဲ့ ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလဲလှယ်ရေးအတွက် အဆိုပြုချက်ကို လက်ခံမှာဖြစ်ပြီး ဟားမားစ်တို့နဲ့ အနီးကပ်ဆွေးနွေးပွဲတွေ စတင်ဖို့လည်း အသင့်ရှိပါတယ်လို့ ပြောဆိုအကြောင်းကြားခဲ့တယ်လို့ အစ္စရေးအဆင့်မြင့်အရာရှိကြီးတစ်ဦးက ဇူလိုင် ၂ ရက်မှာ ပြောခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ကလည်း “ရက် ၆၀ အပစ်အခတ်ရပ်စဲရေးအတွက် မရှိမဖြစ်လိုတဲ့ အခြေအနေတွေကို အစ္စရေးက သဘောတူခဲ့ပါပြီ။ စစ်ပွဲ လုံးဝပြီးဆုံးဖို့ ကျွန်တော်တို့အနေနဲ့ ပါဝင်သက်ဆိုင်သူအားလုံးနဲ့အတူ ဆောင်ရွက်သွားမှာပါ” လို့ ဇူလိုင်လ ၁ ရက် ညပိုင်းမှာ Truth Social လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
သူက “ဂါဇာနဲ့ပတ်သက်လို့ အစ္စရေးတွေနဲ့အတူ ကျွန်တော်တို့တွေ ကြာရှည်ပြီး အပြုသဘောဆောင်တဲ့ အစည်းအဝေးကိုပြုလုပ်နိုင်ခဲ့ပါတယ်၊ကျွန်တော်တို့နဲ့အတူ ကာတာနဲ့ အီဂျစ်နိုင်ငံတို့က တာဝန်ရှိသူတွေလည်း ငြိမ်းချမ်းရေးအတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ကြရတာပါ” လို့ အတည်ပြုပြောခဲ့ပါသေးတယ်။
ဒါ့ပြင် ထရန့်က “ အရှေ့အလယ်ပိုင်းဒေသရဲ့ကောင်းကျိုးအတွက် ဟားမားစ်ကလည်း အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို လက်ခံခဲ့ပါပြီ။ ပိုမကောင်းလာသေးရင်တောင် ပိုမဆိုးတော့ဘူးလို့ ကျွန်တော်မျှော်လင့်တယ်” လို့ ထပ်မံပြောခဲ့ပါတယ်။
ကာတာနိုင်ငံက ဝစ်ခ်အော့ဖ်ရဲ့ ဆွေးနွေးပွဲမူပေါင်ကို အခြေခံပြီး အစ္စရေးနဲ့ ဟားမားစ်တို့ ကြား စေ့စပ်ပြေငြိမ်းရေးအတွက် အဆိုပြုချက်တစ်ရပ်ကိုတင်ပြခဲ့တာလို့လည်း သိရပါတယ်။
ထရန့်ကလည်း အီရန်နဲ့ အစ္စရေးအကြားအပြန်အလှန်တိုက်ခိုက်ကြတဲ့စစ်ပွဲပြီးလို့ ၁၂ ရက်အကြာမှာတော့ နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးကို ဆောင်မြင်စွာစီစဉ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Ref- Jerusalem Post
