၂. ၇. ၂၀၂၅
Written by Nyein Kyaw
ကမ္ဘာ့ရေနံဈေးမြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း လိုက်ပါမြင့်တက်လာချိန် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ဒေါ်လာ ၃၃ သန်း ထပ်မံထုတ်ရောင်းပေးမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် သုံးလကျော်အတွင်း ဒေါ်လာ ၃၃၇ သန်း ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် သုံးကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းဒေါ်လာ ၉၃ သန်း၊ မေလတွင် သုံးကြိမ်ထုတ်ရောင်းပေးမှု စုစုပေါင်းဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထုတ်ရောင်းပေးခဲ့သည်။
ဇွန်လတွင်လည်း လေးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်းဒေါ်လာ ၁၂၅ ထုတ်ရောင်းပေးထားကာ ယခု ဇူလိုင်လ ၁ ရက်တွင် ထုတ်ရောင်းပေးသည့် ဒေါ်လာ ၃၃ သန်းအပါအဝင် ယခုဘဏ္ဍာနှစ် သုံးလကျော်တွင် ဒေါ်လာ ၃၃၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားသည်။
စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ သီးသန့်ထုတ်ရောင်းပေးနေမှုအပြင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် ဒေါ်လာများကိုလည်း ဇွန်လ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တွင်လည်း ရောင်းချပေးခဲ့ပြီး အဆိုပါ သုံးရက်အတွင်း စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၁၃ သန်း ရောင်းချပေးထားသည်။
ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဇွန်လအလယ်တွင် မြင့်တက်ခဲ့သော်လည်း ယခုနှစ်ဆန်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများထက် တစ်လီတာလျှင် ကျပ် ၁၀ဝ မှ ကျပ် ၁၅၀ ခန့်အထိ သက်သာလျော့နည်းလျက်ရှိခဲ့သည်။
သို့သော် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပတ်အတွင်း စက်သုံးဆီဈေးနှုန်းများသည် ဓာတ်ဆီဈေးနှုန်းများ တစ်လီတာ ကျပ် ၁၈၀ နှင့် ဒီဇယ်ဈေးနှုန်းများ တစ်လီတာ ကျပ် ၂၃၀ မှ ကျပ် ၂၈၀ အထိ ထပ်မံမြင့်တက်ခဲ့ကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၃၁၄၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၂၁၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၇၃၀ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၂၈၀ ကျပ်ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
