
MT News
၁.၇. ၂၀၂၅
လူ့အခွင့်အရေးကောင်စီ၏ (၅၉) ကြိမ်မြောက်အစည်းအဝေးကာလအတွင်း ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူဆိုသူတို့၏ ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ (၅၉)ကြိမ်မြောက် အစည်းအဝေး ကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဆိုသူတို့၏ ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှုကို သက်ဆိုင်သည့် နိုင်ငံအား ပါဝင်ခွင့်မပြုဘဲ ၂၇-၆-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းသည် အပြုသဘောဆောင်သော နိုင်ငံတကာဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအခြေခံမူများနှင့် သွေဖယ်လျက်ရှိသည်။
လုပ်ပိုင်ခွင့်ရှိသူနှစ်ဦး၏ အပ်ကြောင်းထပ်နေသော တင်ပြချက်များက နိုင်ငံရေးဖိအားပေးမှုအတွက် ဖန်တီးထားသည့် ယန္တရား၏ လူ့အခွင့်အရေးကောင်စီ၏ အာဏာကို အလွဲသုံးစား လုပ်နေသည်ကို ပြသနေခြင်းဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ “မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်တွင် အဆိုပါအစီရင်ခံစာ၏ သုတေသနကောက်ယူမှုသည် လူ ၃၉၁ ဦး၏ အမြင်ကိုသာ အခြေခံထားခြင်းကြောင့် မြန်မာနိုင်ငံသား ၅၃ သန်း၏ ဆန္ဒအဖြစ် ယေဘုယျ သဘော ကောက်ချက်မဆွဲနိုင်ကြောင်း ထောက်ပြလိုသည်။ ထို့အပြင် အဖွဲ့အမျိုးမျိုး၏ လက်နက်ကိုင် လှုပ်ရှားများ၊ သဘာဝသယံဇာတများ တရားမဝင်တူးဖော်မှု၊ အတင်းအကြပ်ငွေကြေးလက်ခံမှု၊ တိုင်းရင်းသားများအချင်းချင်းအကြား လွှမ်းမိုးချုပ်ကိုင်မှုအစရှိသည့် ရှုပ်ထွေးလှသည့် အချက်များကို ဆန်းစစ်လေ့လာမှုမရှိဘဲ လွဲမှားစွာ ပုံဖော်မှုများသည် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့များအတွက် နိုင်ငံရေးအရ ရပ်တည်ထောက်ခံပေးသည့် လက်နက်တစ်ခုသာ ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် လွိုင်ကော်တက္ကသိုလ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်ပရိဝုဏ်တွင် လူများစွာကို သတ်ဖြတ်ခဲ့ကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ၁၉၀ ကျော်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် KNPP နှင့် PDF လက်နက်ကိုင် အကြမ်းဖက်အုပ်စုများ၏ လက်အောက်ခံအဖွဲ့တစ်ခုဖြစ်သော ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီခေါ်အဖွဲ့ကို အစီရင်ခံစာတွင် အလွန်အမင်းမြှောက်ပင့်ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားသည့် နယ်မြေကို ချဲ့ထွင်ရန် ကြိုးပမ်းနေသော TNLA ခေါ် လက်နက်ကိုင်အဖွဲ့ကိုလည်း အမွှမ်းတင်ထားသည်။ ၎င်းတို့သည် အကြမ်းဖက်သတ်ဖြတ်မှုများအပြင် ဘာသာရေးနှင့် သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများကိုလည်း ဖျက်ဆီးခဲ့ကြသည်။ TNLA ဆုတ်ခွာသွားပြီးနောက်ပိုင်းရောက်မှ ဒေသခံပြည်သူ သိန်းနှင့်ချီက ၎င်းတို့နေရပ်သို့ ပြန်လည် ဝင်ရောက်လာမှုကို ကြည့်ခြင်းအားဖြင့် လက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ပြည်သူတစ်ဦးမျှ လုံခြုံစွာနေထိုင်နိုင်ခြင်း မရှိကြောင်း ထင်ရှားစွာ သက်သေပြနေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကြောင့် ကလေး ၃၄၀ ဦး၊ အစိုးရဝန်ထမ်း ၁,၂၃၆ ဦး၊ ဆရာ/ဆရာမ ၁၁၄ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦးအပါအဝင် အပြစ်မဲ့ အရပ်သား ၉,၀၃၅ ဦး အသက်ဆုံးရှုံးခဲ့ရသော်လည်း ယင်းသို့သော အကြမ်းဖက်မှုများကို လုံးဝ ဖုံးကွယ်ထားကြောင်း တွေ့ရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ဘေးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ လွယ်ကူစွာရရှိစေရန် မြန်မာနိုင်ငံအစိုးရသည် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်း ၉၀ ကျော်ကို ပြည်ဝင်ခွင့်ဗီဇာများ ထုတ်ပေးခဲ့သည်။ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၁၆ ဖွဲ့နှင့် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကျန်းမာရေးစောင့်ရှောက်မှု ဆေးအဖွဲ့ ၂၈ ဖွဲ့တို့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးသင့်ဒေသများတွင် ကယ်ဆယ်ပံ့ပိုးရေးလုပ်ငန်းများ လာရောက်ဆောင်ရွက်ခဲ့ကြသည်။
မြန်မာအစိုးရအနေဖြင့် တပ်မတော်သား ၈၄,၂၈၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉,၃၄၇ ဦး၊ မီးသတ်သမား ၆,၃၁၁ ဦးနှင့် စေတနာ့ဝန်ထမ်း ၂၂၀ ဦး စုစုပေါင်း ၁၀၀,၁၆၀ ဦးကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေလွှတ်ခဲ့သည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်က ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ကြေညာခဲ့ပြီး ယင်းကာလကို ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ ထပ်မံတိုးမြှင့်ခဲ့သည်။
တပ်မတော်၏ ဆောင်ရွက်မှုများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် နယ်မြေလုံခြုံရေးအား ကာကွယ်ရန်အတွက် အကန့်အသတ်ဖြင့်သာ တုံ့ပြန်ဆောင်ရွက်ခဲ့မှုမျိုးဖြစ်သည်။ သို့ရာတွင် လုပ်ပိုင်ခွင့်ရရှိထားသူများသည် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက နယ်မြေသိမ်းပိုက်ရေးနှင့် အကြမ်းဖက်အုပ်ချုပ်ရေးစနစ်များ ထူထောင်ရန် တက်ကြွစွာ လုပ်ဆောင်နေသည်ကို အပြည့်အဝ သိရှိထားသော်လည်း နိုင်ငံတော်၏လုံခြုံရေးတပ်ဖွဲ့များအပေါ် တစ်ဖက်သတ် စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အစီအမံများ ချမှတ်ရန် ကောင်စီအဖွဲ့ဝင်နိုင်ငံများအား နှိုးဆော်ခြင်းသည် နိုင်ငံတကာဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် လူ့အခွင့်အရေးကောင်စီနှင့် အထူး ကိုယ်စားလှယ်ဟုဆိုသူတို့၏ လုပ်ပိုင်ခွင့်တို့ကို ကျော်လွန်လျက်ရှိသည်။ အဆိုပါအထူးကိုယ်စားလှယ်ဆိုသူ၏ တာဝန်မဲ့ပြောဆိုချက်များသည် သာမန်ပြည်သူလူထုအပေါ် နက်ရှိုင်းစွာ သက်ရောက်မှုရှိနိုင်သည်ကို လျစ်လျူရှုထားသည်။
လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူဆိုသူတို့၏ ပေါင်းစပ်အပြန်အလှန်ဆွေးနွေးပွဲသည် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ သတင်းမှားများ ပြန်လည်ထုတ်လွှင့်ရန်နေရာတစ်ခုအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဤကဲ့သို့ အတုအယောင် မျှော်လင့်ချက်ပေးခြင်းသည် မြန်မာ့လူမှုအဖွဲ့အစည်း၏ ထိခိုက်စေသည့် လှုံ့ဆော်မှုများသည် အကြမ်းဖက်မှုများကို သွယ်ဝိုက်အားပေးရာရောက်သည်။
လူ့အခွင့်အရေးကောင်စီတွင် မိန့်ခွန်းပြောကြားနိုင်သူများ၏ အမျိုးအစားစာရင်းတွင် မပါဝင်သော ပုဂ္ဂိုလ်အချို့အား စကားပြောခွင့်ပေးခဲ့သည့် ကောင်စီ၏ မလျော်ကန်သည့် လုပ်ရပ်ကို မြန်မာနိုင်ငံက ကန့်ကွက်သည်။ ထိုသို့သော မလျော်ကန်သည့် လုပ်ရပ်များကြောင့်ပင် အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူလူထုတို့၏ ကောင်စီအပေါ် ထားရှိသည့် ယုံကြည်မှု ပျောက်ဆုံးလာခြင်းဖြစ်သည်။
အထက်ပါအကြောင်းအရင်းများနှင့်အတူ နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်သောလုပ်ပိုင်ခွင့်များကို အခြေခံမူအရ ဆန့်ကျင်သည့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်အရ လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာ ပေါင်းစပ်အပြန်အလှန်ဆွေးနွေးပွဲ ကျင်းပခြင်းကို ကန့်ကွက်ကြောင်း မှတ်တမ်းတင်သည်။ ထို့အပြင် အဆိုပါဆွေးနွေးပွဲတွင် မဟာမင်းကြီး၊ အထူးအစီအရင်ခံစာ တင်သွင်းသူဆိုသူနှင့် အချို့ ကိုယ်စားလှယ်အဖွဲ့များ၏ ဝင်ရောက်စွက်ဖက်သော ပြောကြားချက်များကိုသာမက “မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (A/HRC/59/57)” ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်ခုလုံးကို ပယ်ချသည်ဟု ကြေညာခဲ့သည်။
