





၉.၅.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့ပြ၏ သမိုင်းဝင်ရှေးဟောင်းအဆောက်အဦးများကြားပြုလုပ်သည့် Yangon Heritage Night Run အပြေးပြိုင်ပွဲကို ရန်ကုန်မြို့တော်ခန်းမနှင့် မျက်နှာချင်းဆိုင်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် မေ ၉ ရက်၊ ညနေ ၆ နာရီခွဲတွင် စတင်ပြုလုပ်ခဲ့ရာ လူဦးရေ ၄၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
Yangon Heritage Night Run(YHNR)အပြေးပြိုင်ပွဲ Fun Run ကို ရန်ကုန်မြို့တွင် ပထမဆုံးပြုလုပ်ခြင်းဖြစ်ပြီး ၅ ကီလိုမီတာနှင့် ၁၅ ကီလိုမီတာဟူ၍ လမ်းကြောင်းအမျိုးအစားနှစ်ခုခွဲ၍ ပြုလုပ်ခဲ့သည်။
YHNR Fun Run အပြေးပြိုင်ပွဲကို မိသားစုများ၊ လူငယ်လူရွယ်များနှင့် ကလေးသူငယ်များ ရန်ကုန်မြို့ပြရှိ Heritage အဆောက်အအုံများ၏ ညအလှတရားများကို စီးမျောရင်း၊ ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်ရန် ရည်ရွယ်၍ 𝐅𝐮𝐧 𝐑𝐮𝐧 ပြိုင်ပွဲအဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း ကျင်းပရေးအဖွဲ့မှ သိရသည်။
ထို့ပြင် YHNR အပြေးပြိုင်ပွဲ၏ ၁၅ ကီလိုမီတာ လမ်းကြောင်းတွင် ပါဝင်ယှဉ်ပြိုင်မည့်သူများကို ပထမ၊ ဒုတိယ၊ တတိယဆုတွေ အပါအဝင် စုစုပေါင်းဆု (၃၀) (အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁၅ ဦးစီ)ကို ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပြေးခုန်ပစ်အားကစားလောကမှ အတွေ့အကြုံရှိ ဝါရင့်စံချိန်မှူးများ ၁၅ ကီလိုမီတာလမ်းကြောင်းမှ ပထမဆုံး ပန်းဝင်လာသူ အယောက် (၃၀) (အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၅ ဦး) ၏ အပြေးစံချိန်မျကို Official Record အဖြစ် စနစ်တကျ မှတ်တမ်းတင် ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။
၁၅ ကီလိုမီတာလမ်းကြောင်းမှာ ဆူးလေဘုရားလမ်း (Start) ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်လမ်း အလုံလမ်း၊ ဦးထောင်ဘိုလမ်း၊ ဗဟန်းလမ်း၊ နတ်မောက်လမ်း၊ ကန်ရိပ်သာလမ်း၊ အထက်ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း ၊ ဆူးလေဘုရားလမ်း (Finish) အထိဖြစ်သည်။
၅ ကီလိုမီတာလမ်းကြောင်းမှာ ဆူးလေဘုရားလမ်း (Start)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အထက်ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း (Finish) အထိဖြစ်သည်။
