၂. ၇. ၂၀၂၅
Translated by Thettant
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) သည် အင်္ဂါနေ့တွင် တရားဝင်ပိတ်သိမ်းခဲ့ပြီး တစ်ချိန်တည်းမှာပင် USAID ကို အင်္ဂါနေ့မှစ၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပေါင်းစည်းလိုက်ပြီဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခင်ထုတ်ပြန်ချက်အရ USAID ကို ပြန်လည်ဖွဲ့စည်းရာတွင် အချို့သော လုပ်ငန်းဆောင်တာများကို အင်္ဂါနေ့မှစ၍ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပေါင်းစည်းမည်ဖြစ်သည်။ ကျန်ရှိသော USAID ၏ လုပ်ငန်းဆောင်တာများသည် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ မူဝါဒ ဦးစားပေးများနှင့် မကိုက်ညီသောကြောင့် ရပ်ဆိုင်းလိုက်မည်ဖြစ်သည်။
ဘာရတ်အိုဘားမားနှင့် ဂျော့ချ် ဒဗလျူဘုရှ်တို့သည် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ကို ပိတ်သိမ်းခြင်းအား ဝေဖန်ခဲ့ကြပြီး ဤလုပ်ရပ်ကြောင့် ရှောင်လွှဲနိုင်သော သေဆုံးမှုအရေအတွက်သည် ငါးနှစ်အတွင်း ၁၄ သန်းကျော် အထိ “ထိတ်လန့်ဖွယ်ရာ” မြင့်တက်လာနိုင်ကြောင်း The Lancet ဂျာနယ်၏ လေ့လာမှုတစ်ရပ်က သတိပေးခဲ့သည်။
အမေရိကန်သမ္မတဟောင်းများဖြစ်ကြသည့် အိုဘားမားနှင့် ဘုရှ်တို့နှစ်ဦးစလုံးသည် လွတ်လပ်သောအဖွဲ့အစည်းအဖြစ် USAID ၏ နောက်ဆုံးနေ့ဖြစ်သည့် တနင်္လာနေ့က ဝန်ထမ်းများအတွက် ဗီဒီယိုဖြင့် နှုတ်ဆက်ပွဲတွင် ပါဝင်ရင်း ထရမ့်အစိုးရအား ထူးခြားစွာ လူသိရှင်ကြား ဝေဖန်ခဲ့ကြသည်။
ပြီးခဲ့သည့် မတ်လတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက USAID ၏ အစီအစဉ်များ၏ ၈၃ ရာခိုင်နှုန်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါအေဂျင်စီကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပေါင်းစည်းလိုက်ပြီး America First ဟုခေါ်သော အဖွဲ့အစည်းအသစ်ဖြင့် အစားထိုးသွားမည်ဖြစ်သည်။
The Lancet တွင် ထုတ်ဝေခဲ့သော လေ့လာမှုတစ်ခုအရ ဤရန်ပုံငွေဖြတ်တောက်မှုများသည် ၂၀၃၀ ပြည့်နှစ်တွင် ၁၄ သန်းကျော် သေဆုံးမှုများ ထပ်မံဖြစ်ပွားစေနိုင်ပြီး ယင်းတို့အနက် သုံးပုံတစ်ပုံမှာ ကလေးများဖြစ်ကြောင်း တွေ့ရှိရသည်။
နိုင်ငံစုံမှ သုတေသီအဖွဲ့က တွက်ချက်ခဲ့ရာတွင် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း USAID ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ဆက်စပ်ကဏ္ဍများအတွက် ရန်ပုံငွေများသည် ဝင်ငွေနည်းနှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများတွင် သေဆုံးမှု ၉၁ သန်းကျော်ကို ကာကွယ်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် Lancet က “၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ကြေညာပြီး အကောင်အထည်ဖော်ခဲ့သော ရန်ပုံငွေများ ရုတ်တရက် ဖြတ်တောက်မှုများကို ပြန်မပြင်ဆင်ပါက ၂၀၃၀ ပြည့်နှစ်တွင် ရှောင်လွှဲနိုင်သော သေဆုံးမှုအရေအတွက်သည် ထိတ်လန့်ဖွယ်ရာ မြင့်မားလာနိုင်သည်” ဟု ကောက်ချက်ချခဲ့သည်။
ကမ္ဘာပေါ်ရှိ ဆင်းရဲသောနိုင်ငံများစွာအတွက်မူ “ယင်း၏ရလဒ်အနေဖြင့် ဖြစ်ပေါ်လာမည့် ထိခိုက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ သို့မဟုတ် အကြီးစား လက်နက်ကိုင်ပဋိပက္ခတစ်ခုနှင့် နှိုင်းယှဉ်နိုင်သော အတိုင်းအတာတစ်ခုအထိ ရှိမည်ဖြစ်ကြောင်း” ၎င်းတို့က ဆိုခဲ့သည်။ သို့သော် ၎င်းသည် “သိစိတ်ရှိပြီး ရှောင်လွှဲနိုင်သော မူဝါဒရွေးချယ်မှုတစ်ခုမှ ဖြစ်ပေါ်လာခြင်း” ဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ မြေပြင်အတွေ့အကြုံအရ HIV၊ ငှက်ဖျားနဲ့ တီဘီရောဂါတွေလို ရောဂါတွေကို တုံ့ပြန်နိုင်ဖို့ ဒေသတွင်းကျန်းမာရေးစနစ်တွေရဲ့ စွမ်းရည်ကို USAID ရဲ့ အကူအညီက ဘယ်လိုအားကောင်းစေခဲ့လဲဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ အခုချိန်မှာ ဒီရန်ပုံငွေကို ဖြတ်တောက်တာဟာ အသက်တွေကို အန္တရာယ်ဖြစ်စေရုံသာမက ဆယ်စုနှစ်များစွာ တည်ဆောက်ခဲ့ရတဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကိုပါ ထိခိုက်စေပါတယ်” ဟု Manhiça Health Research Center ၏ အထွေထွေညွှန်ကြားရေးမှူးနှင့် လေ့လာမှု၏ ပူးတွဲရေးသားသူ Francisco Saúte က ပြောကြားခဲ့သည်။
အခြားနိုင်ငံတကာ အလှူရှင်များ၏ အသုံးစရိတ် လျှော့ချမှုများသည် ပိုမိုများပြားသော သေဆုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု သုတေသီများက ပြောကြားခဲ့သည်။
USAID ကို လွန်ခဲ့သော ဆယ်စုနှစ် ခြောက်ခုက သမ္မတ ဂျွန်အက်ဖ်ကနေဒီ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကအထိ နှစ်ပါတီစလုံး၏ ကျယ်ပြန့်သော ထောက်ခံမှု ရရှိခဲ့သည်။ သို့သော်လည်း လက်ရှိအစိုးရက ပြင်းထန်စွာ ပစ်မှတ်ထားခဲ့ပြီး ဒေါ်နယ်ထရမ့်ပ်က USAID ကို “အစွန်းရောက် လက်ဝဲယိမ်း အရူးများ” က လုပ်ကိုင်နေပြီး “ကြီးမားသော လိမ်လည်မှုများ” ရှိနေသည်ဟု ပြောဆိုခဲ့သည်။ ဘီလျံနာအီလွန် မတ်စ်ကမူ USAID ကို “ရာဇဝတ်အဖွဲ့အစည်း” ဟု ခေါ်ဆိုခဲ့သည်။
တနင်္လာနေ့တွင် USAID ဝန်ထမ်းများအတွက် ဗီဒီယိုကွန်ဖရန့်စ်၌ ပြသခဲ့သော မှတ်တမ်းတင်ထားသည့် မက်ဆေ့ချ်တွင် အိုဘားမားက အေဂျင်စီကို ဖျက်သိမ်းခြင်းသည် “ကြီးမားသော မှားယွင်းမှုကြီး” ဟု ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို မီဒီယာများအား ပိတ်ပင်ထားခဲ့သော်လည်း ဗီဒီယို၏ အစိတ်အပိုင်းအချို့ကို Associated Press နှင့် မျှဝေခဲ့သည်။
“USAID ကို ဖျက်သိမ်းတာဟာ ဆိုးရွားလှတဲ့ လုပ်ရပ်ဖြစ်သလို ကြေကွဲစရာလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အရေးအကြီးဆုံး လုပ်ငန်းတွေထဲက တစ်ခုဖြစ်လို့ပါပဲ” ဟု အိုဘားမားက ပြောကြားခဲ့သည်။
၎င်းက အဆိုပါအဖွဲ့အစည်းသည် အသက်များကို ကယ်တင်နိုင်ခဲ့ပြီး စီးပွားရေးတိုးတက်မှုတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ရာ အကူအညီရယူခဲ့သော နိုင်ငံများကို အမေရိကန်၏ ကုန်သွယ်ဖက်များအဖြစ်သို့ ပြောင်းလဲပေးနိုင်ခဲ့သည်ဟု ချီးကျူးခဲ့သည်။
သူက “မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ပါတီနှစ်ခုစလုံးက ခေါင်းဆောင်တွေဟာ ခင်ဗျားတို့ကို ဘယ်လောက်လိုအပ်လဲဆိုတာ သိလာလိမ့်မယ်” ဟု ခန့်မှန်းခဲ့ပြီး “ခင်ဗျားတို့ရဲ့ လုပ်ငန်းတွေဟာ အရေးပါခဲ့ပြီး နောက်မျိုးဆက်တွေအထိလည်း အရေးပါနေဦးမှာပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ထို့အတူ သမ္မတဟောင်း ဘုရှ်ကလည်း လူ့အသက် ၂၅ သန်းကျော်ကို ကယ်တင်နိုင်ခဲ့သည်ဟု ချီးကျူးခံရသော AIDS ကယ်ဆယ်ရေးအတွက် သမ္မတ၏ အရေးပေါ်စီမံကိန်း (Pepfar) အား USAID ၏ ရန်ပုံငွေဖြတ်တောက်မှုများအကြောင်း ပြောကြားခဲ့ရာတွင်”သေရမယ့်သူ ၂၅ သန်း အခု အသက်ရှင်နေတယ်ဆိုတာ ကျွန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ကိုက်ညီရဲ့လား။ ကျွန်တော်ထင်တာကတော့ ကိုက်ညီပါတယ်၊ ခင်ဗျားတို့လည်း ဒီလိုပဲ ထင်မှာပါ”ဟု ပြောကြားခဲ့သည်။
ထို လူ ၂၅ သန်းမှာ USAID ၏ ထောက်ပံ့ငွေများကြောင့် အသက်ရှင်ခဲ့ရခြင်းဖြစ်သလို “ခင်ဗျားတို့ရဲ့ လုပ်ငန်းတွေကနေ အမေရိကန်ရဲ့ ကြီးမားတဲ့ ခွန်အားကို ပြသခဲ့ပါတယ်။ အဲဒါက ခင်ဗျားတို့ရဲ့ ကောင်းသောနှလုံးသားပါပဲ” ဟု ဘုရှ်က ပြောခဲ့သည်။
တောင်အာဖရိကသည် HIV ကပ်ရောဂါ၏ ဗဟိုချက်ဖြစ်သည်။ ယခု ရန်ပုံငွေ ဖြတ်တောက်လိုက်၍ ဘာတွေဆက်ဖြစ်လာမလဲဆိုသည်ကို မည်သူမှ မခန့်မှန်းနိုင်သလို Pepfar သည် ယခုနှစ်နှောင်းပိုင်းတွင် ဆင်းရဲသောနိုင်ငံများ၌ HIV ကာကွယ်ရေးအတွက် ဆေးဝါးအသစ်များ ထုတ်ပြန်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရန် စီစဉ်ထားသော်လည်း ဖြတ်တောက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ထောက်ခံအားပေးသူများက အဆိုပါအစီအစဉ်များ မျှော်မှန်းထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်မည်လား မသေချာဖြစ်နေကြသည်။
အဆိုပါ ဗီဒီယိုကွန်ဖရန့်စ်ကို ပြည်ပမှပါဝင်သူများအပါအဝင် ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
အဆိုတော် Bono က အခမ်းအနားအတွက် သူရေးစပ်ခဲ့သော ကဗျာတစ်ပုဒ်ကို ရွတ်ဆိုခဲ့ပြီး USAID ဝန်ထမ်းများကို “ခင်ဗျားတို့က ကျွန်တော်တို့ထဲမှာ အကောင်းဆုံးတွေဖြစ်နေတာကို သူတို့က လိမ်လည်သူတွေလို့ ခေါ်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။
ထရမ့်အစိုးရ၏ USAID ကို ပိတ်သိမ်းခြင်းသည် တရားဥပဒေကြောင်းအရ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ရုတ်တရက်လုပ်ဆောင်မှုအတွက် ဝေဖန်ခံခဲ့ရသည်။ ရန်ပုံငွေရရှိထားသော အဖွဲ့အစည်းများကို ဖေဖော်ဝါရီလတွင် ချက်ချင်းလုပ်ငန်းရပ်ဆိုင်းရန် အမိန့်ပေးခဲ့ပြီး ဝန်ထမ်းများကို အီးမေးလ်များဖြင့် အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခဲ့သည်။
တနင်္လာနေ့က ပြုလုပ်သော အစည်းအဝေးတွင် လိုင်ဘေးရီးယားသမ္မတဟောင်း Ellen Johnson Sirleaf၊ ကိုလံဘီယာသမ္မတဟောင်း Juan Manuel Santos နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Linda Thomas-Greenfield တို့လည်း ပါဝင်ခဲ့သည်။ ထို့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်သူများလည်း ပါဝင်ခဲ့ပြီး ၎င်းတို့အနက် တစ်ဦးက လိုင်ဘေးရီးယားဒုက္ခသည်စခန်းတစ်ခုတွင် ကြောက်လန့်နေသော ၈ နှစ်အရွယ် ကလေးငယ်ဘဝက USAID ဝန်ထမ်းများ အစားအစာများနှင့်အတူ ရောက်ရှိလာပုံကို ကြိုဆိုသည့် ဇာတ်လမ်းကို ပြောပြခဲ့သည်။
USAID သည် ကမ္ဘာ့ထိပ်တန်း လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးသည့် အလှူရှင်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ထံမှ ရန်ပုံငွေများသည် လူသားချင်းစာနာထောက်ထားမှုစနစ်သို့ အစိုးရလှူဒါန်းမှုများ၏ ၄၃ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့သည်ဟု Lancet စာတမ်းရေးသားသူများက ပြောကြားခဲ့သည်။
“ဒီတွေ့ရှိချက်တွေဟာ အရေးကြီးတဲ့အချိန်အခါမှာ ထွက်ပေါ်လာတာပါ” ဟု ISGlobal မှ ICREA သုတေသီပါမောက္ခနှင့် လေ့လာမှု၏ ညှိနှိုင်းရေးမှူး Davide Rasella က ပြောကြားခဲ့ပြီး ယခုသီတင်းပတ် Seville တွင် ပြုလုပ်မည့် ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေရှာဖွေမှုများကို ဆွေးနွေးမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
“ကျွန်တော်တို့ SDGs (ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ) ကို အောင်မြင်အောင် လုပ်ချင်တယ်ဆိုရင် USAID လိုမျိုး သန်းပေါင်းများစွာသော အသက်တွေကို ကယ်တင်နိုင်တယ်ဆိုတာ သက်သေပြပြီးသား ရန်ပုံငွေယန္တရားတွေကို ဖျက်သိမ်းလို့ မရနိုင်ပါဘူး။ အခုဟာက လျှော့ချရမယ့်အချိန်မဟုတ်ဘဲ တိုးချဲ့ရမယ့်အချိန်ပါ” ဟု Davide Rasella က ဆိုသည်။
Ref, Xinhua & The Gurdian




