




၂၉.၆.၂၀၂၅
Written By Thandar
သမီးဆိုး ကာရိုက်တာနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင် ထက်ထက်ထွန်း ကတော့ Mahar Application က မကြာခင်ပြသမယ့် “ငါ ဘုရင်မ ”ရုပ်သံဇာတ်လမ်းတွဲမှာ အချစ်ငတ်ပြီး တကယ့် အတွင်းစိတ်က နူးညံ့တဲ့ကောင်မလေး တစ်ယောက်နေရာက မြင်တွေ့ရမှာပါလို့ ဆိုပါတယ်။
“အဓိက ထက်က Mahar နဲ့ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းက ပရိသတ်ရင်ထဲရောက်တာပေါ့နော်။ ကိုဝိုင်းနဲ့က တခုတ်တရရုပ်ရှင်ကားမှာ ဆုံပြီးနောက်မှာ ပညာ တွေလည်း အများကြီးရတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာကိုဝိုင်း လက်တွဲခွင့်ရလို့ ပျော်ပါတယ်။ ထက်က ဒီကားမှာ ဧကရီဆိုတဲ့ ကာရိုက်တာလေးနဲ့ပါ။ ကိုယ်လိုချင်တာရယူဖို့အတွက် နည်းနည်းတော့ ဆိုးတယ်ပေါ့နော်။ ထက် လောင်တော့ နည်းနည်းလောင်ထားတယ်။ တကယ်တော့ အချစ်ငတ်တဲ့ ကောင်မလေးဆိုပေမယ့် တကယ့်အတွင်းစိတ်က နူးညံ့တဲ့ကောင်မလေးတစ်ယောက်အနေနဲ့ မြင်ရမှာပါ” လို့ သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲက ဝတ္ထု သျှင်မ၊ ဇာတ်ညွှန်း ငွေစင်သွန်းနဲ့ သင်းနံ့သာ၊ ဇာတ်ညွှန်းမွမ်းမံ ညမွှေးပန်းတို့က ရေးသားပြီးတော့ ဒါရိုက်တာဝိုင်းက သရုပ်ဆောင်တွေဖြစ်တဲ့ အလင်းရောင်၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ ထက်ထက်ထွန်း၊ အကယ်ဒမီမင်းဦး၊ ကျော်ဇေယျ၊ ဝေဖြိုး၊ ဟိန်းသစ်စ၊ ထူးနိုင်လင်း၊ ရဲရင့်စည်သူအောင်၊ စိုးမိုး ကြည်၊ အကယ်ဒမီ ခင်မို့မို့အေး စတဲ့သူတွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
“ပရိသတ်အမြင်မှာ ထက်ထက်ထွန်းက လောင်မယ်။ သောင်းကြမ်းမယ်။ ပြဿနာတွေ ရှာနေမယ်ဆိုတာပဲ မျက်လုံးထဲမှာ အသားကျနေတယ်။ ထက်အနေနဲ့ အိမ်ထောင်ဇာတ်ကားမှာ တည်တည်ငြိမ်ငြိမ်လောင်တဲ့ ကာရိုက်တာလည်း ရိုက်ခဲ့ပါတယ်။ အိုက်တင်က ငြိမ်ငြိမ်လုပ်ရတာလည်း ပိုလည်း ခက်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။
သူမကတော့ Mahar Application နဲ့ သမီးဆိုး၊ ညှို့၊ လောင်၊ အိမ်ထောင်ဇာတ်လမ်းတွဲရိုက်ကူးခဲ့ပြီး မကြာခင်ထုတ်လွှင့်မယ့် ငါ ဘုရင်မဇာတ်လမ်းတွဲကတော့ ငါးကားမြောက် ရိုက်ကူးထားတယ်လို့ သိရပါတယ်။
