
MT News
၂၉. ၆. ၂၀၂၅
ယနေ့ ညနေပိုင်းက သုဝဏ္ဏအားကစားကွင်းတွင် ယှဥ်ပြိုင်ခဲ့သော ၂၀၂၆ အမျိုးသမီးအာရှဖလားခြေစစ်ပွဲ၌ မြန်မာအမျိုးသမီးအသင်းက တာ့ခ်မင်နစ္စတန်အသင်းကို ၈ ဂိုးပြတ်သွင်းကာ အနိုင်ရယူနိုင်ခဲ့သည်။
မြန်မာအသင်းအတွက် သွင်းဂိုးများကို တိုက်စစ်မှူးဝင်းဝင်းက ၁၀၊ ၂၆၊ ၃၇ မိနစ်တွင် သုံးဂိုးဆက်သွင်းယူကာ သူမအတွက် ဟတ်ထရစ်သွင်းဂိုး မှတ်တမ်းကို ဖန်တီးယူခဲ့ပြီး စတုတ္ထသွင်းဂိုးကို ခင်မိုမိုထွန်းက ပွဲကစားချိန် ၄၅ + ၁ တွင် သွင်းယူပြီး ပထမပိုင်းပြီးဆုံးသွားခဲ့သည်။
မြန်မာအမျိုးသမီးကို ဘက်စုံမယှဥ်နိုင်ခဲ့သော တာ့မင်ခ်နစ္စတန်အသင်းအနေဖြင့် ပွဲကစားချိန် ၄၇ မိနစ်တွင် စန်းသော်သော်၊ ၅၁ မိနစ်တွင် မေထက်လူ၊ ၇၄ မိနစ်တွင် ခင်မိုမိုထွန်း၊ ၉၀ + ၂ တွင် ရွှေရည်ထွန်း တို့၏ သွင်းဂိုးများကို ထပ်မံခွင့်ပြုခဲ့ရကာ ၈ ဂိုး ဂိုးမရှိဖြင့် မရှုမလှ အရေးနိမ့်ခဲ့သည်။
2026 AFC Women’s Asian Cup Qualification Group C ပွဲစဉ်များကို ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည် ဖြစ်ပြီး Group C တွင် မြန်မာ၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ် ၊ တာ့ခ်မင်နစ္စတန် အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
