
၂၉. ၆. ၂၀၂၅
Translated by Thettant
ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက စနေနေ့တွင် သူမ၏တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် ဇွန်လ ၃၀ ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုဝင်များ ငါးရက်အတွင်း ထိုင်းနိုင်ငံသားဖြစ်ခွင့် ရရှိတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
“နိုင်ငံသားဖြစ်မှုနဲ့ တရားဝင် အဆင့်အတန်း ကိစ္စရပ်တွေအတွက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ကြရတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးကို ကျွန်မရဲ့ ရင်ထဲကနေ ဝမ်းသာကြောင်း ဂုဏ်ပြုစကား ပြောကြားလိုပါတယ်” ဟု သူမက ရေးသားခဲ့ပြီး “ဒီလို ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရတာဟာ ဇွန်လ ၃၀ ရက်နေ့မှာ နောက်ဆုံးတော့ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။”ဟု ဆိုခဲ့သည်။

ထို့အပြင် ပေတုံတန်က ထိုင်းနိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားလူမျိုး ၄၈၀,၀၀၀ ကျော်သည် ၎င်းတို့၏ နိုင်ငံသားဖြစ်မှုနှင့် တရားဝင်အဆင့်အတန်း စိစစ်အတည်ပြုရန် စောင့်ဆိုင်းနေဆဲဖြစ်ပြီး ချင်းရိုင်တစ်နေရာတည်းတွင်ပင် လူဦးရေ ၉၀,၀၀၀ ကျော်ဖြင့် နိုင်ငံအတွင်း အများဆုံးဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ထိုင်းနိုင်ငံ၏ နိုင်ငံသားအခွင့်အရေးများ စိစစ်အတည်ပြုသည့် လုပ်ငန်းစဉ်သည် အချိန်ကြာမြင့်ပြီး အလွန်ရှုပ်ထွေးခဲ့သောကြောင့် လွန်ခဲ့သည့် နှစ် ၃၀ အတွင်း နှစ်စဉ် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူ အနည်းငယ်သာ ရှိခဲ့သည်။
“ဒါဟာ တိုင်းရင်းသားလူနည်းစုတွေကို နိုင်ငံတော်က လူမှုဖူလုံရေး၊ အိမ်ရာ၊ အလုပ်အကိုင်၊ ခရီးသွားလာခွင့်နဲ့ နိုင်ငံသားတစ်ဦးအနေနဲ့ ပါဝင်ခွင့် အပါအဝင် အခြေခံအခွင့်အရေးတွေ ဆုံးရှုံးစေခဲ့ပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ထိုစဉ်က ဝန်ကြီးချုပ် စရက်ထာ သာဗီဆင်သည် ချင်းရိုင်သို့ သွားရောက်ခဲ့ပြီး တိုင်းရင်းသားလူမျိုးများ ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်ခွင့်ပြုခြင်းဖြင့် တန်းတူညီမျှမှုကို ထိန်းသိမ်းရန် ကတိပြုခဲ့ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။
ထိုကတိတွင် အမြဲတမ်းနေထိုင်ခွင့်လျှောက်လွှာများအတွက် လိုအပ်သည့်အချိန်ကို ရက်ပေါင်း ၂၇၀ မှ ၅ ရက်သို့ လျှော့ချခြင်းနှင့် ၎င်းတို့၏ ကလေးများအတွက် နိုင်ငံသားဖြစ်မှု စောင့်ဆိုင်းကာလကို ရက်ပေါင်း ၁၈၀ မှ ၅ ရက်သို့ လျှော့ချခြင်းတို့ ပါဝင်ခဲ့သည်။
“အဲဒီနောက်ပိုင်းမှာ အစိုးရဟာ ဒီကတိကို အမှန်တကယ်ဖြစ်လာဖို့အတွက် လုပ်ငန်းစဉ်ရဲ့ ခြေလှမ်းတိုင်းကို မဆုတ်မနစ် တွန်းအားပေး လုပ်ဆောင်ခဲ့ပြီး အမျိုးသားလုံခြုံရေးကောင်စီနဲ့ အစိုးရအဖွဲ့ နှစ်ခုစလုံးရဲ့ ခွင့်ပြုချက်ကိုလည်း ရရှိခဲ့ပါတယ်” ဟု သူမက ဆိုခဲ့သလို “ဇွန်လ ၃၀ ရက် တနင်္လာနေ့မှစတင်ပြီး တင်သွင်းလာတဲ့ လျှောက်လွှာအားလုံးကို ၅ ရက်အတွင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”ဟု ပေတုံတန်က ဆက်လက်ပြောကြားခဲ့သည်။
BBC ၏ သတင်းတစ်ရပ်အရမူ ထိုင်း၀န်ကြီးချုပ်သည် ယမန်နေ့ကပင် ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင်ထဲမှ အာခါ တိုင်းရင်းသား ၂၁ ဦးကို နိုင်ငံသားကတ် ပေးအပ်ထားသည်ဟုလည်း ဖော်ပြခဲ့သည်။ အဆိုပါ အာခါတိုင်းရင်းသားများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသူအများစုဖြစ်နေပြီး ထိုင်းနိုင်ငံသားအဖြစ် ခွင့်ပြုတော့မည့် လူဦးရေငါးသိန်းခန့်တွင် မြန်မာတိုင်းရင်းသားများက အများစုပါဝင်နေသည်။
“ဆုံးရှုံးခဲ့ရတဲ့ အချိန်တိုင်းဟာ ပညာရေး၊ အသက်မွေးဝမ်းကြောင်းနဲ့ တရားဝင် အသိအမှတ်ပြုထားတဲ့ အခွင့်အရေးတွေကို ကျင့်သုံးခွင့် ဆုံးရှုံးခဲ့ရတာနဲ့ တူပါတယ်” ဟု ပေတုံတန်က ဆိုခဲ့သလို “ဒါပေမယ့် အခုကစပြီး ကျွန်မတို့ရဲ့ တိုင်းရင်းသားလူနည်းစုဝင် ကလေးတွေဟာ နောက်ဆုံးမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေရှိတဲ့ ပြည့်ဝတဲ့ နိုင်ငံသားများ၊ ထိုင်းနိုင်ငံသားများ ဖြစ်လာကြတော့မှာပါ။”ဟု ဆက်လက် ပြောခဲ့သည်။
Ref, The Nation & BBC
